Nyan Corridor ၏ အောက်ပါ သုတေသနဆောင်းပါးတွင် နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ အနာဂတ်ရွေးချယ်မှုများအပေါ် စစ်အာဏာသိမ်းမှု၏ သက်ရောက်ပုံကို ရေးသားပြုစုထားပါသည်။
စာရေးသူ၏ မှတ်ချက်။ ။ ယခု သုတေသနသည် သြစတေးလျားအမျိုးသားတက္ကသိုလ် SEARBO စီမံကိန်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် Nyan Corridor မှ လေ့လာခဲ့သော သုတေသန တစ်ခု ဖြစ်ပါသည်။ ဆောင်းပါးတွင် ပါဝင်သည့် အင်တာဗျူးများကို ၂၀၂၂ ခုနှစ် မေလမှ သြဂုတ်လအတွင်း ပြုလုပ်ခဲ့ပြီး အချက်အလက် ကောက်ယူ စုဆောင်းမှုများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်တွင် အဆုံးသတ်ပစ်ခဲ့သည်။ ဒီမိုကရက်တစ်ကာလဟု ဆိုရာတွင် တပ်မတော်အတွင်းမှ ပြုပြင် ပြောင်းလဲရေးသမားများက ၎င်းတို့ရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် အကောင်ထည် ဖော်ခဲ့ခြင်းဖြစ်ပြီး၊ အတိုင်းတာတစ်ခုထိ ပြည်သူ့ဆန္ဒကို ထင်ဟပ်သည့် ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စိန်ခေါ်မှုများစွာထဲမှ ပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၁၉ ခုသည် လွှတ်တော်အသီးသီးရှိ နေရာအချို့ တွင် အနိုင်ရရှိခဲ့သည်။ သို့ရာတွင် စစ်တပ်မှ အဆိုပါ ကိုယ်စားလှယ်များ လွှတ်တော်ခေါ်ယူကျင်းပခွင့် မရစေရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဟန့်တားခဲ့ပြီး၊ ယင်းအစား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါကောင်စီတွင် တပ်မတော်အရာရှိများနှင့် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်များပါဝင်ပြီး ၎င်းတို့သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်၍ စစ်အုပ်ချုပ်ရေးထူထောင်ရန် အဓမ္မအင်အားသုံးကာ ကြိုးပမ်းခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ လွှတ်တော် ကိုယ်စားလှယ်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အချို့ကမူ တိမ်းရှောင်ရခြင်း (သို့မဟုတ်) နိုင်ငံပြင်ပသို့ ထွက်ပြေးရခြင်းများ ရှိခဲ့သည်။ ထို့နောက်တွင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ပုံစံသစ်တစ်ခုနှင့် လျော်ညီသည့် ရွေးကောက်ပွဲတစ်ခုအား ပြန်လည်ကျင်းပမည် ဟု အဆိုပြုခဲ့သည်။ ထိုရွေးကောက်ပွဲကို ကျင်းပပါက အနာဂတ် ပါတီနိုင်ငံရေးနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အဆောက်အအုံ ခိုင်မာရေးကို နှောင့်နှေးချိနဲ့စေသည့် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပေသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားစဥ်မှ စတင်၍ နိုင်ငံရေးပါတီများအနေဖြင့် SAC နှင့် ပေါ်ပေါ်ထင်ထင် ပူးပေါင်းဆောင်ရွက်ခြင်း (သို့မဟုတ်) ပိုနေမြဲ ကျားနေမြဲ နေထိုင်ကြခြင်းများ ရှိသကဲ့သို့ တဖက်တွင်လည်း NLD အဖွဲ့ဝင် အများစု ပါဝင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း များရှိသည်။ အချို့ နိုင်ငံရေးပါတီများ က မည်သည့်ဖက်မှ မပူးပေါင်းဘဲ ကြားနေသည့် လွတ်လပ်သည့်အဖွဲ့ ဟု ဆိုကာ ရပ်တည်ကြသည် များလည်းရှိသည်။ SAC ၏ ရွေးကောက်ပွဲအသစ်ကျင်းပမည့် အဆိုပြုချက်သည် စစ်အာဏာသိမ်းမှုဒဏ်ကို နှစ်နှစ်ကျော်ကြာ ခံစားလာရသည့် မြန်မာ့နိုင်ငံရေးပါတီများကို လမ်းဆုံလမ်းခွသို့ တွန်းပို့ ရွေးချယ်စေသကဲ့သို့ ဖြစ်လာသည်။ ထိုနိုင်ငံရေးပါတီများအနေဖြင့် အလျှော့ပေး ညှိနှိုင်းရသည့် စနစ်အောက်တွင် အာဏာ တစ်စုံတရာရရှိရန် အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းကာ တပ်မတော်မှလွှမ်းမိုးခြယ်လှယ်မည့် အမည်ခံ လွှတ်တော်စနစ်တွင် ဝင်ရောက်မည်လော (သို့မဟုတ်) ထိုကဲ့သို့ ပူးပေါင်းမှုများကို အလုံးစုံ ဆန့်ကျင်ကာ ဒီမိုကရေစီရရှိရန် အခြားသောနည်းလမ်းများနှင့် ကြိုးပမ်းမည်လော စသည့် မေးခွန်းတို့ဖြင့် ရင်ဆိုင်နေကြရသည်။
အရည်သွေးအခြေပြု သုတေသန (Qualitative) နည်းလမ်းဖြင့် အသုံးပြု၍ လေ့လာထားသော ယခုသုတေသနသည် အဆိုပါ ဝိရောဓိ ကို ဆွေးနွေးထားပါသည်။ အဆိုပါလေ့လာမှုအတွက် မိမိတို့အဖွဲ့အနေဖြင့် နိုင်ငံရေးပါတီများ၏ ကြေညာချက်များ၊ မီဒီယာအင်တာဗျူးများနှင့် ပါတီများ၏ လှုပ်ရှားမှုဆိုင်ရာ သတင်းများနှင့် ပါတီများအပေါ် သက်ရောက်နိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ အပြောင်းအလဲများကို လေ့လာ သုံးသပ်ခဲ့ပါသည်။ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ခဲ့သည့် နိုင်ငံရေးပါတီ(၁၃)ခု အား ယခုလေ့လာမှုတွင် ပါဝင်ဖြေဆိုပေးရန် ဆက်သွယ် ဖိတ်ခေါ်ခဲ့ပါသည်။ ယင်းတို့ အနက်မှ ပါတီ (၁၁) ခု နှင့် နိုင်ငံရေးပါတီဝင်ဟောင်းအချို့ သည် တွေ့ဆုံမေးမြန်းမှု (interview) များ တွင်ပါဝင်ဖြေဆိုပေးခဲ့သည်။ ထိုတွေ့ဆုံမေးမြန်းမှုများကို ၂၀၂၂ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း ပြုလုပ်ခဲ့ပြီး ပါတီအဖွဲ့ဝင် စုစုပေါင်း ၂၅ ဦးအား မေးမြန်းခဲ့ပါသည်။ သုတေသနခေါင်းစဥ်၏ ထိလွယ်ရှလွယ် ဖြစ်မှုကြောင့် အချို့သောပါတီဝင်များသည် မေးခွန်းများကို အသေးစိတ်ဖြေဆိုခြင်းမပြုခဲ့ပါ။ အချို့ကမူ မေးခွန်းများကို ဖြေဆိုရာတွင် ပါတီကိုယ်စားလှယ်များအနေဖြင့် ဖြေဆိုခြင်းမပြုဘဲ ၎င်းတို့၏ တစ်သီးပုဂ္ဂလအမြင် အနေဖြင့်သာ ဖြေဆိုခဲ့ကြသည်။ တွေ့ဆုံမေးမြန်းမှုတွင် ပါဝင်ခဲ့ကြသူ ပါတီကိုယ်စားလှယ်များ၏ လုံခြုံရေးကို ရှေ့ရှုလျက် ၎င်းတို့၏ ပါတီနှင့် အမည်များကို ယခုစာတမ်းတွင် မဖော်ပြဘဲ ချန်လှပ်ထားပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည့်အတွက် တပ်မတော်မှ ရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် ဖွဲ့စည်းထားသော ရွေးကောက်ပွဲအဖွဲ့အစည်းများ၊ လွှတ်တော်များ ၊ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အစိုးရနှင့် နိုင်ငံရေးပါတီများ စသည့် မြန်မာ့ ဒီမိုကရက်တစ်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရပြီး ၎င်းတို့၏ ဖြစ်တည်မှုမှာလည်း ခြိမ်းခြောက်ခံနေရသည်။ ဒီမိုကရက်တစ် အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပြည်သူလူထုဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံ အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခြင်း၊ စစ်အာဏာသိမ်းခြင်း တို့သည် မြန်မာ့သမိုင်းတွင် ပထမဆုံး အကြိမ် မဟုတ်ပါ။ ၁၉၆၂ ခုနှစ်တွင်လည်း ပြည်ထောင်စုပြိုကွဲမည်ကို ကာကွယ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူခဲ့ပြီး လွတ်လပ်ရေးနှောင်းပိုင်းကာလတွင် ပေါ်ပေါက်လာသည့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်ဆီးခဲ့သည်။[1] စစ်တပ်မှ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ကာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အခြားသောတိုင်းရင်းသားပါတီများကို အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ကြေညာခဲ့သည်။[2] ထိုမှ ဆယ်စုနှစ် ၃ စု ကြာပြီးသည့်အခါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ထပ်မံ ဖျက်သိမ်းခဲ့ပြီး လွှတ်တော်အမတ်များအား ဖမ်းဆီးထိန်းသိမ်းရုံမျှမက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် အစိုးရသစ်တွင်ပါဝင်ရန် လျာထားခံရသူများ၊ ရွေးကောက်ပွဲဆိုင်ရာအရေးကိစ္စများကို စီမံခန့်ခွဲရသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်များကိုပါ ဖမ်းဆီးထိန်းသိမ်းအရေးယူခဲ့သည်။ ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး၊ ကော်မရှင်ဥက္ကဋ္ဌနေရာတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်တွင် တာဝန်ယူခဲ့ဖူးသူ ဥက္ကဌဟောင်း ကို ပြန်လည်ခန့်အပ်ခဲ့သည်။ အသစ်ဖွဲ့စည်းလိုက်သည့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စီစစ်ရန်နှင့် ရွေးကောက်ပွဲစနစ်အား အနိုင်ရသူ အကုန်ယူ (first-past-the-post) စနစ်မှ အချိုးကျကိုယ်စားပြုစနစ် (proportional representation – PR) သို့ ပြောင်းလဲရန် တာဝန်ပေးအပ်ခဲ့သည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများစွာမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်း နိုင်ငံနှင့်အဝှမ်းတွင် နေရာအများဆုံး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ပါတီများမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီ နှင့် ယခင်တပ်မတော်သား အများစုဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်၏ကြားခံ ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ (USDP) တို့ဖြစ်ကြသည်။[3] တိုင်းနှင့် ပြည်နယ် အဆင့်တွင် တိုင်းရင်းသားလူမျိုးစုအခြေခံ စုဖွဲ့ထားသည့် ဒေသခံပါတီများ၏ ပါဝင်ယှဥ်ပြိုင်မှု ပိုမိုပြင်းထန်ပြီးလှပြီး ပါတီကြီးနှစ်ခုအား စိန်ခေါ်နိုင်ခဲ့သည်။ နိုင်ငံရေးပါတီပေါင်း ၉၁ ခုရှိသည့်အနက် ၁၉ ခုမှ ကိုယ်စားလှယ်များသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်း/ပြည်နယ် လွှတ်တော်များတွင် အနည်းဆုံး တစ်နေရာ အနိုင်ရရှိခဲ့ကြသည်။ NLD အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက်ပင် ပိုမို အနိုင်ရရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပါတီမဲဆွယ်မှုဆိုင်ရာ စည်းမျဥ်းအသစ်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ တားမြစ်ချက်များ က အစိုးရ ပါတီ NLD ကို အားသာစေရန် ကူညီထောက်ပံ့သကဲ့သို့ဖြစ်ခဲ့သည် ဟု USDP ပါတီနှင့် အခြားပါတီငယ်များက ဝေဖန်ခဲ့ ကြသည်။[4] နိုင်ငံရေးပါတီမှတ်ပုံတင်ထားသည့် ပါတီပေါင်း ၉၅ ခုအနက် ပါတီ ၃၄ ခုတို့သည် ၂၀၂၀ ခုနှစ် သြဂုတ်လတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးအရ ဘက်လိုက်မှုမကင်းသည့်အတွက် NLD မှ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအား အစားထိုးလဲလှယ်ရန်နှင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိခဲ့ပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ဝင်ရောက်ဖြေရှင်းပေးရန် တိုက်တွန်းခဲ့ကြသည်။ တပ်မတော်အနေဖြင့် ၎င်းတို့ရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စည်းမျဥ်းအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ဝင်ရောက်ဖြေရှင်းခွင့်မရှိသော်လည်း ထိုပါတီများက တပ်မတော်မှဦးဆောင်၍ နိုင်တော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအားခေါ်ယူရန် တိုက်တွန်းခဲ့ကြပြီး၊ ထိုကဲ့သို့ အစည်းအဝေးခေါ်ယူရန်တိုက်တွန်းခြင်းသည် အာဏာသိမ်းရန်တိုက်တွန်းခြင်းဖြစ်သည်ဟု ပြည်သူအများမှ ယုံကြည်နားလည်ခဲ့ကြသည်။ [5]
ထို့နောက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအား အကြောင်းပြ၍ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီ တချို့သည် စက်တင်ဘာလ၊ ၂၀၂၀ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ အိတ်ဖွင့် ပေးစာများ ပေးပို့ ခဲ့ကြသည်။ တဖက်တွင်လည်း USDP ပါတီနှင့် ၎င်း၏ မိတ်ဖက်ပါတီ ၂၃ ခုသည် ဥပဒေသတ်မှတ်ချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၊ ၃၁ ရက်နေ့ မတိုင်ခင် ကာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအစည်းအဝေးအား ခေါ်ယူရန် တောင်းဆိုခဲ့သည်။[6] ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာ လ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအား ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲများ ကျင်းပပြီးသည့် အခါတွင် NLD ပါတီအနေဖြင့် လွှတ်တော်နေရာပေါင်း ၉၂၀ နေရာတွင် အနိုင်ရရှိခဲ့သည်။ USDP ပါတီသည် ထိုရလဒ် ထွက်ပေါ်လာစေခဲ့သည့် ရွေးကောက်ပွဲကို စောဒကတက်နိုင်ရန်အတွက် မျှတမှုမရှိသည့် ရွေးကောက်ပွဲဆိုင်ရာ သက်သေသက္ကာယများကို ရှာဖွေတင်သွင်းကြရန် ၎င်းတို့ ပါတီထောက်ခံသူများကို ဆော်သြခဲ့သည်။ ရွေးကောက်ပွဲရလဒ်များ စတင်ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အတွင်းတွင် UEC နှင့် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်၍ တပ်မတော်ကိုထောက်ခံသည့်ဆန္ဒပြမှုများ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ထွက်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲပေါင်း ၄၅ ခု ခန့် ရှိခဲ့သည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၈.၆ သန်းအား တွေ့ရှိရသည် ဟု တပ်မတော်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကြေညာခဲ့ပြီး၊ ပါတီပေါင်း ၂၀ ကျော်မှ တင်သွင်းခဲ့သည့် တိုင်ကြားစာ ပြဿနာများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးယူ မဖြေရှင်းပါက ၎င်းတို့အနေဖြင့် အာဏာမသိမ်းရန် အာမ မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ထိုကဲ့သို့ကြေညာပြီး ရက်သတ္တပတ် တစ်ပတ်အတွင်းပင် ရွေးကောက်ပွဲ မသမာမှုများကြောင့် အာဏာသိမ်းရသည်ဟုဆိုကာ စစ်အာဏာသိမ်းခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲအသစ်တစ်ရပ် ကျင်းပမည်ဟုလည်း ကြေညာခဲ့ပြီး ထိုလုပ်ရပ်အား တပ်မတော်လိုလားသော ပါတီ များမှ ထောက်ခံအားပေးခဲ့ကြသည်။ တပ်မတော်၏ စွပ်စွဲချက်သည် မှားယွင်းနေကြောင်း. အများစုမှ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသော်လည်း နိုင်ငံရေးပါတီ အများစုမှာ မဲမသမာမှုများ ရှိသည် ဆိုသည့် ထိုစွပ်စွဲချက်အား လက်ခံခဲ့ကြသည်။ အချို့ပါတီများက NLD မှ ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲသမာမှုများနှင့် ပတ်သက်သော အငြင်းပွားမှုများကို လျစ်လျုရှုခြင်းမပြုဘဲ ပွင့်လင်းမြင်သာစွာဖြေရှင်းခဲ့ပါက စစ်အာဏာသိမ်းမှုကို ရှောင်ရှားနိုင်ခဲ့လိမ့်မည်ဟု ထင်မြင်ခဲ့ ကြသည်။ [7]
NLD ပါတီနှင့် အငြိုးအတေး အာဃာတများရှိခဲ့ကြသည့် နိုင်ငံရေးပါတီအချို့ သည် အာဏာသိမ်းမှုကို ဒီမိုကရေစီကို ခြိမ်းခြောက်မှု ဟု ကနဦးတွင် ယူဆခြင်းမပြုခဲ့ဘဲ အာဏာရှိလူတန်းစား အချင်းချင်း ကြားက တင်းမာမှု ပြဿနာဟုသာ ယူဆခဲ့ကြသည်။ စစ်တပ်မှ NLD ပါတီကို အမြစ်ဖြတ်ရန် ကြိုးပမ်းမှုများနှင့် NLD မှ ခွဲထွက်လာသည့် ပါတီများ ဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီ ပါတီသစ် ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီတို့ SAC နှင့် ပူးပေါင်း ဆောင်ရွက်ကြသည့်အခါ စစ်အာဏာသိမ်းမှုသည် စနစ်တစ်ခုလုံး ကို ဖျက်သိမ်းရန် ကြိုးစားခြင်းထက် NLD ပါတီကို ပစ်မှတ်ထား ဖျက်သိမ်းရန် ဖြစ်သည်ဆိုသည်မှာ ပေါ်လွင် လာခဲ့သည်။ NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏ အဖွဲ့ဝင် အချို့ ကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် မရွေးချယ်ခဲ့ခြင်းက ပါတီနှင့် ပါတီဝင်အချို့ ကို ဝေးကွာစေသည့် အကြောင်းတရားများ ဖြစ်စေခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက် ယှဥ်ပြိုင်လာ ကြသည့် ကိုယ်စားလှယ်ပေါင်း ၂၈၀ ဦးတွင် အများစုမှာ NLD ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဥ်ပြိုင်ရန် ရွေးချယ်မခံရသည့် ပါတီကိုထောက်ခံခဲ့သူ အဖွဲ့ဝင်ဟောင်းများဖြစ်သည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် NLD ပါတီဝင်အချို့မှာ ပါတီ အလုပ်များ ဆက်လက်မလုပ်ဆောင်တော့ဟုဆိုကာ ပါတီနှင့် ကင်းရှင်းကြောင်း ခံဝန်ကတိ ထိုးခဲ့ကြသည်ဟု သိရှိရပြီး အာဏာသိမ်း စစ်ကောင်စီသည်လည်း NLD ပါတီ လွှတ်တော်အမတ် ၂၁၇ ဦးကို နိုင်ငံရေးပင်စင် ပေးခဲ့သည်ဟု ဆိုခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် NLD တံဆိပ် ပါ အဆောင်ယောင်များ ဝတ်ဆင်ထားသည့် (ပါတီဝင်အစစ်များဟု အများ မယုံကြည်သည့်) လူတစ်စုမှ NLD ပါတီသည် အကြမ်းဖက်တော်လှန်ရေးကို အားပေးခြင်းမပြုဟု ဆိုကာ NUG နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ကန့်ကွက် ဆန္ဒပြခဲ့သည်။ အလားတူ ပါတီအဖွဲ့ဝင်အချို့မှာ ပါတီရုံးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး၊ စစ်အာဏာသိမ်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းနေသည် ဟု NLD ပါတီမှ ဆိုခဲ့သည်။[8]
NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားပါတီအများစုနှင့်လည်း မပြေလည်သည့် ဆက်ဆံရေးအချို့ ရှိခဲ့သည်။ ၂၀၂၀ ရွေးကာက်ပွဲအပြီးတွင် NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီပေါင်း ၄၈ ခုအား အိတ်ဖွင့်ပေးစာပေးပို့ကာ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရန်အတွက် ဆွေးနွေးတိုင်ပင်ရန် အဆိုပြုခဲ့သည်။[9] ထိုဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ရန်အတွက် အချို့ဒေသတွင် တွေ့ဆုံရန်နေရာကိုပင် ညှိနှိုင်း၍မရသည့်အတွက် ထိုဆွေးနွေးမှုများမှာ ရပ်တန့်ခဲ့ရသည်။ ၎င်းကဲ့သို့ အခြေနေတင်းမာမှုများသည် NLD ပါတီ အစိုးရ သက်တမ်း တလျှောက်တွင်လည်း ဖြစ်ပေါ်ခဲ့သည်၊ မွန်ပြည်နယ်ရှိ အရေးပါသည့် တံတားတစင်းအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခြင်း (စစ်အာဏာသိမ်းအစိုးရက ထိုတံတားအမည်အား ၂၀၂၁ ခုနှစ်တွင် ပြန်လည်ပြောင်းလဲခဲ့သည်)၊ ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်များတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဆောက်လုပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထိုအခြင်းအရာများသည် NLD ပါတီအနေဖြင့် ဗမာလူမျိုးကြီး အတွေးအခေါ် သာရှိပြီး ဒေသခံများ၏ ကန့်ကွက်ဆန့်ကျင်မှုများကို အလေးမထားဘဲ ဗမာမဟုတ်သည့် လူမျိုးများ အပေါ် နိုင်ထက်စီးနင်းပြုခြင်းဟု ထင်မြင်ယူဆခံခဲ့ရသည်။ NLD ပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ ဝန်ကြီးများ ခန့်အပ်ရာတွင်လည်း ပြည်နယ်နှင့်တိုင်းရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည့်ပါတီမှ ကိုယ်စားလှယ်များထက် ၎င်းတို့၏ပါတီဝင်များကိုသာ ရွေးချယ်ခန့်အပ်ခဲ့သည်။ အဆိုပါခန့်အပ်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီ သော်လည်း တိုင်းရင်းသားပါတီများကမူ ထိုလုပ်ရပ်သည် NLD အနေဖြင့် ဒီမိုကရေစီကို လိုလားသည့် ပါတီတစ်ခု ဖြစ်သော်လည်း လွှတ်တော်တွင်း ဗဟိုချုပ်ကိုင်မှုလျှော့ချနိုင်ရန် ဟန့်တားသည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန် ထောက်ပြခဲ့ကြပြီး မကြည်လင်မှုများရှိခဲ့သည်။[10] NLD ပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရုတ်တရက် ဝင်ရောက်ယှဉ်ပြိုင်လိုက်သည့်အခါတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် အတူပါဝင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အတူဆန့်ကျင်ခဲ့သူ မိတ်ဖက်ပါတီများနှင့် ယုံကြည်မှုများပျက်ဆီးကာ ခင်မင်မှုပျက်ယွင်းခဲ့သည်။ သို့သော် မည်သို့ပင် ဆက်ဆံရေးတင်းမာမှုများ ရှိသော်ငြား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်မှ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် မဲဆန္ဒနယ်များတွင် သာမက ၂၀၂၀ ရွေးကောက်ပွဲရလဒ်တစ်ခုလုံး ဖျက်သိမ်းလိုက်သည့် အခါတွင် နိုင်ငံရေး ပါတီများမှာ အံ့အားသင့်ခဲ့ရသည်။
အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုမှ လွတ်မြောက်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ် (အများစုမှာ NLD ပါတီအမတ်များဖြစ်) ၂၀ ဦးဖြင့် CRPH ကို ဖွဲ့စည်းခဲ့သည်။[11] ၎င်းတို့အနေဖြင့် ပြည်သူလူထုမှ လွှဲအပ်သည့် ဆင့်လွှဲအာဏာ ရရှိသည်ဟုဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဆက်လက်ဖွဲ့စည်းခဲ့သည်။ သပိတ်ကော်မတီများ၊ အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွင် ပါဝင်ကြသည့် အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများတို့၏ ပါဝင်မှုများဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ အတိုင်ပင်ခံကောင်စီ (NUCC) ကိုလည်း ဖွဲ့စည်းခဲ့သည်။ NUG ၊ CRPH နှင့် NUCC အစရှိသည့် အဖွဲ့ ၃ ဖွဲ့သည် ပြည်သူလူထုကို ဦးဆောင်မှုပေးရန် စင်ပြိုင်အစိုးရတစ်ရပ် အဖြစ်ဖွဲ့စည်းခဲ့သည်။ NUG အနေဖြင့်် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းခဲ့ပြီး CRPH အနေဖြင့်လည်း အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းကာ ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရေးဆွဲခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ နှင့် NUG တို့သည် တစ်ဖက်နှင့်တစ်ဖက် တရားမဝင် အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ကြပြီး ထိုပြဿနာသည် ပြေလည်မည့်အစား အာဏာသိမ်း စစ်ကောင်စီမှ ရွေးကောက်ပွဲအသစ် ကျင်းပရန် လုပ်ဆောင်လျှက်ရှိရာတွင် နိုင်ငံရေးပါတီများအား ဆုံးဖြတ်ရ ခက်ခဲသည့် ဝိရောဓိ အတွင်းသို့ တွန်းပို့သကဲ့သို့ ဖြစ်လာပေသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများသည် ၎င်းတို့အစပြုရာ ဇစ်မြစ်များရှိကြပြီး ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်မှာ ထိုဇစ်မြစ်များကို ထင်ဟပ်လျက်ရှိသည်။ ၂၀၁၀ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံရေးပါတီများအား လေ့လာ သုံးသပ်မှုများ ပြုလုပ်ရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ခွဲခြားခဲ့ကြသည်။ ပထမနည်းလမ်းမှာ ၎င်းတို့၏ ဦးစားပေးမှုများ အပေါ်မူတည်၍ တပ်မတော်အားလိုလားထောက်ခံသူ၊ ဒိမီုကရေစီ လှုပ်ရှားမှုများကိုထောက်ခံသူနှင့် တိုင်းရင်းသားအရေး လိုလားထောက်ခံသူ အစရှိသဖြင့် အမျိုးအစား ၃ ရပ် ခွဲခြား ခြင်းဖြစ်သည်။ တပ်မတော်အား လိုလားထောက်ခံသူများမှာ ၂၀၁၀ ခုနှစ် အစောပိုင်းကာလ စစ်အာဏာရှင် အုပ်စိုးသူများမှ ဆင်းသက်လာသည့် ပါတီများ ဖြစ်သည်။ ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံသည့် ပါတီများမှာ စစ်အာဏာရှင် ကိုဆန့်ကျင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုများမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားအရေး လိုလားသူပါတီများမှာ တိုင်းရင်းသား အကျိုးစီးပွားကို ကိုယ်စားပြုနိုင်ရန် တိုင်းရင်းသားဖြစ်တည်မှုပေါ် အခြေခံ ဖွဲ့စည်းထားသော လူနည်းစု တိုင်းရင်းသား ပါတီများဖြစ်ကြသည်။
ဒုတိယနည်းလမ်းမှာ ယခင်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် သို့မဟုတ် ကန့်ကွက်ဆန့်ကျင်ခဲ့သည့်ပါတီများ (သို့ဖြစ်၍ ၎င်းတို့အနေဖြင့် တပ်မတော်မှလွှမ်းမိုးခြယ်လှယ်မည့် စနစ်အောက်တွင် အလုပ်လုပ်ကိုင်လိုစိတ် ရှိမရှိ အပါအဝင်) “၁၉၉၀ ပါတီများ”နှင့် “၂၀၁၀ ပါတီများ” ဟု အုပ်စု ၂ စု ခွဲခြား ခြင်းဖြစ်သည်။ “၂၀၁၀ ပါတီ များ” တွင် တပ်မတော်က ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများပါဝင်သည်။ ထိုရွေးကောက်ပွဲသည် တပ်မတော်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသော ပထမဆုံး ရွေးကောက်ပွဲဖြစ်ပြီး ဒီမိုကရေစီနည်းလမ်းမကျဟု အများက နားလည် လက်ခံထားကြသည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခြင်းနှင့် နောက်နှစ်ပေါင်း နှစ်ဆယ်ကြာ စစ်အုပ်ချုပ်ရေးသွတ်သွင်းမှု ကို တရားဝင်စေခဲ့သည် ဟု ရှုမြင်ကြသည်။ “၁၉၉၀ ပါတီများ” သည် ဒီမိုကရေစီနည်းကျသည်ဟု အများနားလည် လက်ခံထားကြသည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသော နိုင်ငံရေးပါတီများကို ရည်ညွှန်းသည်။
၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီတွင် တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် ပိုမို အားကောင်း ခိုင်မာသော ဒေသန္တရပါတီတစ်ရပ် ဖွဲ့စည်းရန် ဟုဆိုကာ ၁၉၉၀ နှင့် ၂၀၁၀ ပါတီများတွင် ပါဝင်နေသည့် လူနည်းစုတိုင်းရင်းသား ပါတီအချို့ ပေါင်းစည်းမှုများ ပြုခဲ့ကြသည်။ အဆိုပါ ပေါင်းစည်းသည့် ဖြစ်စဉ်များက ပါတီများအကြား အမျိုးအစားသတ်မှတ် အုပ်စုခွဲရာတွင် တဖက်တွင် တိုင်းရင်းသား အရေး လိုလားသူပါတီများနှင့် အခြားတဖက်တွင် တပ်မတော် လိုလားသူပါတီများ သို့မဟုတ် ဒီမိုကရေစီ လိုလားသူ ပါတီများ အဖြစ် ခွဲခြားသတ်မှတ်မှု ဖြစ်စေခဲ့သည်။အလားတူ ဒုတိယနည်းလမ်းဖြစ်သော ၁၉၉၀ နှင့် ၂၀၁၀ ပါတီများ ဟု အမျိုးစားသတ်မှတ် အုပ်စုခွဲသည့်နည်းလမ်းကို ပြဿနာရှိစေခဲ့သည်။ စစ်အုပ်ချုပ်ရေးနှင့် ဖိနှိပ်မှုများရှိနေခဲ့သည့် စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလ၌ နိုင်ငံရေးပါတီများကို ခွဲခြားရာတွင် အာဏာသိမ်းစစ်တပ် နှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိသည့် ပါတီများ (ဝါ) ပူးပေါင်းပါတီများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် ပါတီများ (ဝါ) မပူးပေါင်းပါတီများ ဟု ခွဲခြားသတ်မှတ်ခြင်းသည် ပိုမို ရိုးရှင်းကောင်းမွန်သော နည်းလမ်းဖြစ်ပေလိမ့်မည်။ အာဏာသိမ်းစစ်တပ် နှင့် ပူးပေါင်းမည်၊ မပူးပေါင်း ဟူသော ဆုံးဖြတ်ချက်သည် ပါတီတွင်းနိုင်ငံရေး၊ အထူးသဖြင့် အထက်ဖော်ပြပါ ပေါင်းစည်းထားသော ပေါင်းစည်းပါတီများကြားတွင် သက်ရောက်မှုများရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် ရှိခဲ့သော ပေါင်းစည်းထားသည့်ပါတီငါးခု၏ အလွတ်သဘော ပူးပေါင်းဆောင်ရွက်မှု များသည် ပါတီတစ်ခုချင်းစီ၏ စစ်အာဏာသိမ်းမှုအပေါ် မတူညီသောတုန့်ပြန်မှုများကြောင့် ရပ်တန့်ပြိုလဲသွားခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) တွင် ပေါင်းစည်းပါဝင်ခဲ့သည့် မူလအဖွဲ့ဝင်ပါတီ တစ်ခုဖြစ်သော ကချင်ဒီမိုကရက်တစ်ပါတီ သည် စစ်အာဏာသိမ်းပြီးနောက်တွင် KSPP မှ နုတ်ထွက်သွားခဲ့သည်။
စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံရေး ပါတီအနည်းငယ်ကသာ ထောက်ခံသည့် (သို့မဟုတ်) ကန့်ကွက်ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ပါတီအများစုကမူ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ပြတ်ပြတ်သားသား သဘောထားမှတ်ချက်ပေးခြင်း၊ ထောက်ခံခြင်း (သို့မဟုတ်) ကန့်ကွက်ဆန့်ကျင်ခြင်းတို့ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန်ဆိုသည့် ကြားနေသဘောဆန်သည့် ကြေညာချက် များကိုသာ ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုသည့် မပူးပေါင်း ပါတီများသည် SAC နှင့် ၎င်း၏ ပြည်နယ်အဆင့် အုပ်ချုပ်ရေး ယန္တရားများတွင်ပါဝင်ရန် အာဏာသိမ်းစစ်တပ်၏ ဖိတ်ကြားချက်ကို ပယ်ချခဲ့သည့်အပြင်၊ ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် အစည်းအဝေးများ သို့ မတက်ရောက်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ ပါတီအစုအဖွဲ့တွင် မပါဝင်ခြင်း (သို့မဟုတ်) PR ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်သည့် အကြံပြုချက်များမတင်သွင်းခြင်း အပါအဝင် မည်သည့် ပူးပေါင်း ဆောင်ရွက်မှု တွင်မဆို ပါဝင်ရန်ငြင်းဆန်ခဲ့သည်။ တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိသည့် ပူးပေါင်းပါတီများသည် အဆိုပါအခွင့်လမ်းများတွင်ပါဝင်ခြင်းဖြင့် စစ်အုပ်အုပ်ချုပ်ရေးယန္တရားတွင် ပါဝင် လာကြသည်။ အချို့ပါတီများမှ ပါတီဝင်အချို့သည်လည်း NUG (သို့မဟုတ်) စစ်အုပ်အုပ်ချုပ်ရေးယန္တရားတွင် ပါဝင် လာသောကြောင့် ၎င်းတို့ ပါတီမှ ခေါင်းဆောင်များအနေဖြင့် ပါတီ ဆက်လက်ရပ်တည်နိုင်ရန် ထိုပုဂ္ဂိုလ်တို့အား မလွှဲမရှောင်သာ ပါတီမှထုတ်ပယ်ရခြင်းမျိုး ပြုလုပ်လာကြသည်။
မပူးပေါင်းပါတီများ၏ အာဏာသိမ်းစစ်တပ်နှင့် မပူးပေါင်းလိုသော အကြောင်းရင်းများသည် ရိုးရှင်းပါသည်။ ၎င်းတို့အနေဖြင့် မည်သည့်အာဏာရှင်စနစ်ကိုမဆို တိုက်ဖျက်လိုသည်။ တစ်ဖက်တွင်လည်း ပူးပေါင်းပါတီအချို့သည် ၎င်းတို့ ၏ စွမ်းရည် အကန့်သတ်များကြောင့် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းလိုခြင်း ဖြစ်ပြီး အချို့မှာ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးရည်မှန်းချက်များကို ဦးစားပေးအကောင်ထည်ဖော်လို ကြခြင်းဖြစ်သည်။ အချို့ပါတီများက ၎င်းတို့ပါတီ ရှင်သန်ရေးနှင့် အဖွဲ့ဝင်များ၏ လုံခြုံရေးကို ဦးစားပေး၍ အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းကြသည်။ မြန်မာ့ နိုင်ငံရေးပါတီ အများစုရှိ ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များမှာ အသက်ရွယ်ကြီးရင့်ကြပြီး လူငယ်များ ပါဝင်မှုနည်းသည့်အတွက် ပါတီ၏ စည်းရုံးဆောင်ရွက်နိုင်မှုမှာ အကန့်သတ် ရှိကြသည်။ မိမိတို့တွေ့ဆုံမေးမြန်းခဲ့သည့် ပါတီ ဥက္ကဋ္ဌ တစ်ဦးက “စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့က အသက်ကြီးနေပြီ” ဟုဖြေဆိုခဲ့သည်။[12] အခြားသော ပါတီတစ်ခုသည်လည်း အလားတူ ကောင်းကျိုးဆိုးပြစ် တွက်ချက်မှုမျိုး ပြုလုပ်ခဲ့သည်။ မြစ်တစ်စင်းဝန်းရံထားသည့် ဒေသတွင် အခြေစိုက်သည့် ပါတီတစ်ခုမှ ပါတီကိုယ်စားလှယ်တစ်ဦးကလည်း “စစ်တပ်က ငါတို့ကို ပစ်မှတ်ထားရင် ဘယ်ကို ပြေးရမလဲ” ဟု ဖြေဆိုခဲ့သည်။[13] အခြားပါတီများ အထူးသဖြင့် ရွေးကောက်ပွဲတွင် ထောက်ခံမှုမရရှိခဲ့သည့် (သို့မဟုတ်) ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်ထည်ဖော်ရန် ကြိုးစားရာတွင် မည်သူ့အုပ်ချုပ်ရေးအောက်တွင် ဖြစ်ဖြစ် ထူးမခြားနားဟု ယူဆထားသည့်ပါတီများက စစ်အုပ်ချုပ်ရေးတွင် လိုက်လျောညီထွေစွာပါဝင်ခြင်းဖြင့် ပစ်မှတ်ထား အရေးယူခံရနိုင်ခြေကို လျှော့ချရင်း ရေတို အကျိုးမြတ် ရရှိနိုင်ရန် ဦးစားပေးခဲ့ကြသည်။ ပါတီဝင်ဟောင်း တစ်ဦးက စစ်တပ်ကို အစိမ်းရောင်ဟု ရည်ညွှန်းပြီး၊ NLD ကို အနီရောင် ဖြင့် ရည်ညွှန်းသည့် သဘောဖြင့် “ငရုတ်သီးကတော့ အစိမ်းဖြစ်ဖြစ်၊ အနီဖြစ်ဖြစ် စပ်တာပဲ” ဟု လက်ခံယူဆထားသည့် ပါတီစဉ်းစားချက်ကို ပေါ်လွင်အောင် ဥပမာပေး ပြောကြားခဲ့သည်။[14]
စစ်အာဏာသိမ်းမှု မတိုင်မီက ၁၉၉၀ ပါတီများ နှင့် ၂၀၁၀ ပါတီများအကြား၊ တိုင်းရင်းသားအရေး လိုလားသူပါတီများ နှင့် ဒီမိုကရေစီလိုလားသူပါတီများ အကြား အလွတ်သဘောနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်မှု ပုံစံများသည် ပိုမို ထင်ရှားသောကြောင့် စစ်အာဏာသိမ်းပြီးကာလတွင် ပြောင်းလဲလာသည့် ပါတီနိုင်ငံရေး ပုံစံများ တွင် အာဏာသိမ်း စစ်တပ်နှင့် ပူးပေါင်းပါတီနှင့် မပူးပေါင်းပါတီဟု ခွဲခြားသတ်မှတ်မှုက ပါတီများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို သုံးသပ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
ဒီမိုကရေစီစနစ်အားဖော်ဆောင်ရေးတွင် နိုင်ငံရေးပါတီများ၏ အခြေခံအကျဆုံး မျှော်မှန်းတာဝန်တစ်ရပ်မှာ ၎င်းတို့၏ မဲဆန္ဒနယ်များနှင့် ထိတွေ့ဆက်ဆံရန်၊ ပါတီစည်းရုံးရေးဆင်းရန် ၊ ၎င်းတို့၏ မဲဆန္ဒရှင်များနှင့် ပတ်သက်သည့် အရေးကိစ္စများကို မူဝါဒများအဖြစ် ချမှတ်ဖော်ဆောင်ရန်၊ ၎င်းတို့၏ မဲဆန္ဒရှင်များကို ကိုယ်စားပြုရန်နှင့် ယှဉ်ပြိုင်ရန်၊ ထိုမှ တစ်ဆင့် အကောင်ထည်ဖော်မည့်မူဝါဒများကို တာဝန်ခံဖြစ်သည်။ စစ်အာဏာသိမ်းပြီးနှောင်းပိုင်းမှ စ၍ ပါတီ၏ မူဝါဒများ (သို့မဟုတ်) ပါတီလမ်းစဉ်တွင် အပြောင်းအလဲများ မရှိ ဟု ပါတီအများစုက ဆိုကြပြီး ယင်းသို့ အပြောင်းအလဲ မလုပ် ရသည်မှာ ပါတီညီလာခံ မကျင်းပနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ ကိုဗစ်-၁၉ ကပ် ရောဂါ ကန့်သတ်ချက်များနှင့်အတူ ကာလကြာရှည် တားဆီးကန့်သတ်ခံထားရသော ပါတီလုပ်ငန်းများကို နိုင်ငံရေးပါတီများအနေဖြင့် ပြန်လည်စတင်နိုင်ခြင်းမရှိပေ။ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ပါတီအစည်းအဝေးများ ကို အွန်လိုင်းမှသာ ကျင်းပနိုင်ခဲ့သည်။ “ပါတီတစ်ခုအနေနဲ့ အနီးစပ်ဆုံးလုပ်နိုင်ခဲ့တာကတော့ မြို့နယ်ပါတီ ဥက္ကဋ္ဌဟောင်းတစ်ဦး နှုတ်ထွက်ချိန်မှာ အသစ်တစ်ဦးကို အတည်ပြုလိုက်တာပဲ” ဟု ပါတီ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။ ထိုသို့ခန့်အပ်ခြင်းကိုပင် အွန်လိုင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။[15] နေပြည်တော်နှင့် အချိတ်ဆက်ရှိသူ ပူးပေါင်းပါတီများသာ ပါတီရုံးခွဲအသစ် ဖွင့်လှစ်ခြင်းကဲ့သို့သော ပါတီလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် နိုင်ခဲ့သည်။[16]
စစ်အာဏာသိမ်းပြီးနောက် ပါတီဝင်များသည် ၎င်းတို့ ပါတီခေါင်းဆောင်များနှင့် သဘောထားကွဲလွဲခြင်း (သို့မဟုတ်) လုံခြုံရေးအကြောင်းများကြောင့် ပါတီမှ နှုတ်ထွက်ခဲ့ကြသည်။ အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည့် နိုင်ငံရေးပါတီများမှ ပါတီဝင်အများအပြားသည် တိတ်တဆိတ် ဆန့်ကျင်သည့်အနေဖြင့် ပါတီမှ နုတ်ထွက်ခဲ့ကြသည်။ ပါတီမှထွက်ခွာသွားသော ပါတီဝင် အရေအတွက်သည် ပါတီအလိုက်ကွဲပြားသော်လည်း ထိုဖြစ်စဉ်များမှာ ပါတီတွင်းဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်ကို မေးခွန်းထုတ်ရလောက်သည့် ပမာဏ အခြေနေမျိုး ထိရှိခဲ့သည်။[17] ဥပမာအနေဖြင့် မွန်ညီညွတ်ရေးပါတီ (MUP) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သုံးပုံတစ်ပုံသည် ရာထူးမှ နုတ်ထွက်ခဲ့သည်။ “ပါတီ [MUP] က ပါတီမူဝါဒဖြစ်တဲ့ အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်မယ်ဆိုတဲ့ မူ နဲ့ မကိုက်ညီဘူး” ဟု ပါတီဝင်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။ ယခင်ဆက်နွယ်မှုများပေါ် အခြေတည်၍ ဖြစ်ပေါ်လာသည့် ပါတီတွင်းကွဲလွဲမှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရသည့် ပေါင်းစည်းပါတီတစ်ခုဖြစ်သောကြောင့် ပါတီဝင်များ နုတ်ထွက်မှုသည် အနာဂတ်တွင်ပြိုင်ဘက်ပါတီတစ်ခု ပေါ်ပေါက်လာနိုင်ပြီး MUP ပါတီ ထောက်ခံသူများအကြား မဲကွဲခြင်း ဖြစ်နိုင်ချေရှိသော်လည်း မိမိတို့၏ တွေ့ဆုံမေးမြန်းမှုများ အရ MUP ပါတီ ခေါင်းဆောင်များမှာ ထိုစိုးရိမ်မှုမျိုး မရှိသည်ကို တွေ့ရသည်။ အခြားတစ်ဖက်တွင်လည်း မပူးပေါင်း ပါတီများသည် တိတ်ဆိတ်စွာနေကြပြီး ၎င်းတို့ထဲမှ ပါတီတစ်ခု၊ နှစ်ခုမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရန်အတွက် မြေအောက်ပါတီများအဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။
မိမိတို့တွေ့ဆုံမေးမြန်းခဲ့သည့် ပူးပေါင်းပါတီ (သို့မဟုတ်) မပူးပေါင်းပါတီများ အားလုံးသည် ၎င်းတို့အနေဖြင့် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူလူထုနှင့်တရားဝင် ထိတွေ့ဆက်ဆံမှုများ မရှိတော့ဟု ဖြေကြားခဲ့သည်။ ပါတီ၏လှုပ်ရှားမှုများအပေါ်လည်း လက်နက်ကိုင်ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှု၊ ကုန်သွယ်မှု လျော့ကျလာမှု နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် သွားလာလှုပ်ရှားရန် အကန့်သတ် ဖြစ်လာမှုများက သက်ရောက်လျက်ရှိသည်။ အချို့သောပါတီဝင်များသည် လူထုအား ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် ဥပဒေရေးရာ အကြံဉာဏ်များ ပေးစွမ်းခဲ့သော်လည်း ပါတီအမည်ဖြင့် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ မိမိတို့ တွေ့ဆုံမေးမြန်းခဲ့သည့် ပါတီဝင်တစ်ဦးမှ ဖြေကြားရာတွင် “ အခုအချိန်က အရမ်းအကဲဆတ်တော့ ပါတီအနေနဲ့ ဆောင်ရွက်လို့မရဘူး” ဟုဖြေဆိုခဲ့သည်။[19]
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် MUP တို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပါတီညီလာခံ ကျင်းပနိုင်ခဲ့သည့် နိုင်ငံရေးပါတီနှစ်ခု ဖြစ်သည်။ SNLD က ၎င်းတို့ ပါတီညီလာခံကို ကျင်းပရခြင်းမှာ စစ်ဘောင်ကျယ်လာသည့် အခြေနေတစ်ရပ်တွင် အရပ်သားပါဝင်မှုကို မြှင့်တင်ရန် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ MUP ပါတီကမူ ပါတီစည်းမျဥ်းစည်းကမ်းအရ ညီလာခံကျင်းပရန် ရှိနေပြီး ကျင်းပရန် ရက်လွန်နေသည့်အတွက် ကျင်းပ ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။[20] တစ်ချိန်တည်းတွင် နိုင်ငံရေးပါတီ အများစုသည် ကြေညာချက်များထုတ်ပြန်ခြင်း၊ ၎င်းတို့၏ အမြင်များကိုဖော်ပြခြင်း၊ ပါတီအချင်းချင်း ချိတ်ဆက် ဆောင်ရွက်သည့် လမ်းကြောင်းများမှ တဆင့် ပြောင်းလဲနေသော အခြေအနေနှင့် ၎င်းတို့၏ တည်ရှိမှုနှင့် ဆက်စပ်မှုရှိရန် ကြိုးစားကြသည်။ ပူးပေါင်းပါတီများသည် UEC နှင့် UPDJC ဆိုင်ရာ အစည်းဝေးများကို အခြားပါတီများနှင့် ဆက်ဆံနိုင်သည့် လမ်းကြောင်းများအဖြစ် အသုံးပြုခဲ့သည်။ မပူးပေါင်း ပါတီများသည် အခြေနေအရပ်ရပ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် မဟာဗျူဟာချမှတ်ခြင်း တို့အတွက် (၁၉၉၀ ပါတီများ၏) မဟာမိတ်အဖွဲ့ ဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ ဝင်များ ပါဝင်စုစည်းထားသည့် “ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ” ကဲ့သို့သော မဟာမိတ်အဖွဲ့များဖြင့် ဆက်ဆံ ဆောင်ရွက်ကြသည်။ သို့ရာတွင် ပူးပေါင်း ပါတီများနှင့် မပူးပေါင်း ပါတီများအကြား ပါတီစုံအစည်းအဝေးနှင့် ဆွေးနွေးပွဲများကျင်းပရန် အမှီအခိုကင်း၍ လွတ်လပ်သည့် နေရာပလက်ဖောင်းများ၊ ဆွေးနွေးမှုများ ပြုလုပ်နိုင်သည့် အခြေအနေများမရှိပါ။ ပူးပေါင်းပါတီတစ်ခုမှ ပါတီ ကိုယ်စားလှယ်တစ်ဦးက အဆိုပါပလက်ဖောင်းများမရှိသည့် အပေါ် “အရင်တုန်းကလို NGO ဦးဆောင်တဲ့ ပါတီဆွေးနွေးပွဲတွေတက်ဖို့ ဖိတ်ခေါ်တာမျိုး မရှိပါဘူး။ ဆွေးနွေးပွဲတွေ မရှိတာလား၊ ကျွန်မတို့ကို သပိတ်မှောက်ထားတာလားတော့ မသိဘူး။” ဟု ပြောကြားခဲ့သည်။
မိမိတို့၏ တွေ့ဆုံံမေးမြန်းချက်များအရ စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် ပူးပေါင်းပါတီ၊ မပူးပေါင်းပါတီ အမျိုးအစားနှစ်ရပ်လုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သတ်သည့် ၎င်းတို့၏ အခြေခံရည်မှန်းချက်များပင် မရ ရှိသေးပါ။ ပူးပေါင်းပါတီအချို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ (ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ) ကို ပြင်ဆင်ရန် တောင်းဆိုလျက်ရှိပြီး လွှတ်တော်တွင်း နေရာရရှိနိုင်သည့် ရာခိုင်နှုန်းနှင့် တပ်မတော်အနေဖြင့် လွှတ်တော်နိုင်ငံရေးမှ နုတ်ထွက်နိုင်မည့် အချိန်ကန့်သတ်ချက် နှင့် အချိန်အလိုက် လျှော့သွားမည့် လွှတ်တော် ရာခိုင်နှုန်း သတ်မှတ်သည့် အပိုဒ်များကို ထပ်မံဖြည့်စွက်ပေးရန် တောင်းဆိုလျှက်ရှိသည်။ သို့သော် လက်ရှိအချိန်ထိ ထိုတောင်းဆိုချက်များ မရရှိသေးပါ။ ထို့အပြင် ယင်းတို့၏ အခြားရေတို ရည်မှန်းချက်များလည်း မရရှိသေးပေ။ဥပမာအားဖြင့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် မဲအများစုအနိုင်ရရှိခဲ့သည့် အလျောက် ပြည်နယ်အစိုးရအဖွဲ့၏ ဥက္ကဋ္ဌရာထူးကို တောင်းဆိုခဲ့သော်လည်း ငြင်းဆိုခံခဲ့ရသည်။[21] MUP ပါတီအနေဖြင့် ပြည်ထောင်စုအဆင့် စစ်အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသော်လည်း မွန်အမျိုးသားနေ့အား တရားဝင်အများပြည်သူ ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုပေးရန် ၎င်းတို့၏ တောင်းဆိုချက်မှာ လျစ်လျူရှုခံခဲ့ရသည်။[22] ကရင်ပြည်သူ့ပါတီသည်လည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်ကြာကျင်းပသည့် PR ရွေးကောက်ပွဲစနစ်နှင့်ဆိုင်သည့် ဆွေးနွေးပွဲတွင် ၎င်းတို့ လိုလားချက်များ တင်ပြခဲ့သော်လည်း ထည့်သွင်းစဉ်းစားမခံခဲ့ရပေ။
မပူးပေါင်းပါတီများသည် ဒီမိုကရေစီနည်းလမ်းမကျသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ် ပြဌာန်းချက်များဖြင့်အညီ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် နှင့် အစားထိုးရန် လိုလားကြသည်။ သို့သော်လည်း ဖက်ဒရယ်လိုလားသူ အစုအဖွဲ့အသီးသီး၏ ကွဲပြားစုံလင်သော အကျိုးစီးပွားများနှင့် လိုက်လျောညီထွေ ဖြစ်စေမည့်၊ ၎င်းတို့ လက်ခံနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို စုပေါင်း အတည်ပြု နိုင်ခြင်းမရှိပေ။ မပူးပေါင်းပါတီများ အချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မည့် လမ်းကြောင်း တစ်ခု ကိုလည်း ဖန်တီးနိုင်ခြင်း မရှိပေ။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်နယ်ဖွဲ့စည်းပုံ များကို ပူးပေါင်းပါတီများနှင့် မပူးပေါင်းပါတီများ အပါအဝင် အစုအဖွဲ့ အသီးသီးမှ ရေးဆွဲနေကြသော်လည်း ၎င်းတို့အကြား အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုမှာ မရှိသကဲ့သို့ ဖြစ်သည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် ပါတီများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်များပေါ်တွင် ညီညွတ်နိုင်သည့် အခြေနေ မတွေ့ရပေ။ အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သည် ဖြစ်စေ (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်ခြင်းမပြုသည်ဖြစ်စေ စစ်အာဏာသိမ်းပြီးနှစ်နှစ်အကြာတွင် ပါတီများ အနေဖြင့် ၎င်းတို့၏ အခြေခံပန်းတိုင်များကိုပင် အောင်မြင်နိုင်ခြင်းမရှိသည် ကိုတွေ့ရသည်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် မြန်မာ့နိုင်ငံရေးသည် ပို၍မတည်မငြိမ်ဖြစ်လာခဲ့သည်။ အာဏာသိမ်းစစ်တပ် သည် ၎င်း၏ အုပ်ချုပ်မှုကို ဖီဆန်သူများကို နှိပ်စက်ညှဉ်းပန်း၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၊ ပါတီဝင်များနှင့် အတိုက်အခံပါတီအား ထောက်ခံသူများကို ပစ်မှတ်ထားချေမှုန်းခဲ့သည်။ အချို့သူများမှာ တရားရုံးများ (သို့မဟုတ်) အကျဉ်းထောင်သို့ မရောက်မီကာလ စစ်ကြောရေးတွင်ပင် သတ်ဖြတ်ခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများကိုလည်း စစ်တပ်နှင့် ရဲများမှ နိုင်ငံရေးစွဲချက်များဖြင့် တရားရုံးတင်ကာ အာဏာရှင်အလိုကျ လုပ်ကိုင်နေသည့် တရားစီရင်ရေး ဌာနမှ စီရင်ချက် ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်တပ်သည် ၎င်း၏ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပါတီဝင်များအား စစ်ရေး အင်အားစုများအဖြစ် ရာထူးချဲ့ထွင်ခန့်အပ်ခြင်း စစ်ရေးလေ့ကျင့်ပေးခြင်းနှင့် လက်နက်တပ်ဆင် ပေးခြင်းဖြင့် ဒေသန္တရအဆင့်တွင် ထိန်းချုပ်နိုင်ရန် ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် အငြိမ်းစားစစ်မှုထမ်းဟောင်းများကိုလည်း တိုက်ရိုက်တာဝန်ထမ်းဆောင်နိုင်ရန် ပြန်လည်ခေါ်ယူခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပါတီဝင် ၁,၂၃၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ပါတီဝင် ၈၄ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ( ၂) ဦး သေဆုံးခဲ့ပြီး NLD အမတ်များနှင့် ပါတီဝင်များ၏ နေအိမ် ၅၇၇ လုံးကို စစ်တပ်မှ တရားမဝင်သိမ်းယူခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် NLD မှ သတင်းထုတ်ပြန်ခဲ့သည်။ ပါတီဝင်များနှင့် ပါတီထောက်ခံသူများသည်လည်း ပျူစောထီးနှင့် သွေးသောက်အဖွဲ့ ကဲ့သို့သော စစ်တပ်ထောက်ခံသူ ပြည်သူ့စစ်များ၏ ရှာဖွေသတ်ဖြတ်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် အဖွဲ့များအနေဖြင့်လည်း စစ်တပ်၏ပြင်းထန်သည့်ဖြိုခွင်းမှုကို တုန့်ပြန်ရန် အတွက် အကြမ်းမဖက်သည့် နည်းလမ်းများနှင့် အတူ လက်နက်ကိုင်တုန့်ပြန်သည့် နည်းလမ်းများကိုပါ အသုံးပြုလာကြသည်။ NUG ၏ ကွပ်ကဲမှုအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလာကြပြီး စစ်တပ် နှင့် ပျူစောထီးအဖွဲ့ ဝင်များ၊ စစ်အုပ်ချုပ်ရေးတွင် ပါဝင်နေသူများနှင့် သတင်းပေးများကဲ့သို့ အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်လာခဲ့သည်။ အောက်ခြေတွင် စစ်သားများ၏ သတ်ဖြတ်ခြင်းကိုလည်း ခံရသူ USDP ပါတီသည် မတ်လ ၂၆ ရက်တွင် ၎င်းတို့အဖွဲ့ဝင်များ သတ်ဖြတ်ခံနေရသည်ဟု ကြေညာကာ အချို့မှာ လုံခြုံရေးနှင့်အကာကွယ်ရရန် နေပြည်တော်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။[23] ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ပဋိပက္ခအရှိန်များ ပိုမို မြင့်တက်ခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်အချက်အလက် စီမံကိန်း (Armed Conflict Location & Event Data Project) မှတ်တမ်းများအရ ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် အရပ်သားများအပေါ် အကြမ်းဖက်သည့် ပဋိပက္ခဖြစ်စဉ်များ ၆၂၀ ရာခိုင်နှုန်းထိတိုးမြင့်လာကာ ၂၀၂၂ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းထိ တိုးမြင့်လာသည်ဟု ဆိုသည်။ စုစုပေါင်းမြို့နယ် ၃၃၀ မြို့နယ်မှ အနည်းဆုံး ၃၁၀ မြို့နယ်တွင် တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများ နှင့် အဝေးနှင့်ပစ်မှတ်ထားတိုက်ခိုက်မှုများ အပါအဝင် ပဋိပက္ခများ ရှိခဲ့သည်။ အချို့မြို့နယ်များရှိ စစ်အုပ်ချုပ်ရေးယန္တရားမှာ တော်လှန်ရေးအဖွဲ့များ၏ ပြင်းပြင်းထန်ထန် တုန့်ပြန်မှုများကို ခံနေကြရသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ မြို့နယ်စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်း (၇၇) မြို့နယ်သာ စစ်အုပ်ချုပ်ရေး လွှမ်းမိုးနိုင်သည်ဟု တင်ပြထားသည်။ ထိုအရေအတွက်ရာခိုင်နှုန်းသည် စစ်တပ်၏ကြားခံ ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် နေရာများကို ထည့်တွက်လျှင် တိုးလာနိုင်သည်။
အဆိုပါအခြေနေ နောက်ခံကားချပ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ပါတီစာရင်းတင် ပီအာစနစ် (List PR) ကို အသုံးပြု၍ ရွေးကောက်ပွဲအသစ်ကျင်းပရန် စီစဉ်လျက်ရှိသည်။ ၎င်းတို့မှ မြို့နယ်ခရိုင်ဖွဲ့စည်းမှုများကို ပြန်လည် ရေးဆွဲခဲ့ပြီး စုစုပေါင်း ခရိုင် ၁၁၆ ခရိုင် ပြင်ဆင်သတ်မှတ်ခဲ့သော်လည်း ထိုပြင်ဆင်မှုသည် ရွေးကောက်ပွဲ မဲဆန္ဒနယ်များ သတ်မှတ်မှုအပေါ် သက်ရောက်မှု ရှိ၊ မရှိကို ထုတ်ဖော်မပြောခဲ့ပေ။ တစ်ချိန်တည်းမှာပင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ နိုင်ငံနှင့်အဝှမ်းတွင် လူပေါင်း ၁.၅ သန်းသည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အချို့မှာမူ ၎င်းတို့ဆန္ဒအလျောက် အခြားနေရပ်များသို့ ပြောင်းရွှေ့သွားသည့်အတွက် မဲဆန္ဒနယ်ဖွဲ့စည်းမှုပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်သည်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းမပြုမီ ကော်မရှင်ထံမှခွင့်ပြုချက်တောင်းခံရန် အမိန့်ထုတ်ကာ နိုင်ငံရေးပါတီများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့သည်။[24] အရပ်သားပြည်သူများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း ကို စက်တင်ဘာ ၂၅ ရက်နေ့တွင် စာထုတ်ပြန်ရှုတ်ချခဲ့ပြီး၊ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူလေးဦးအား ကြိုးပေးကွပ်မျက်မှုများအပေါ် ဂျူလိုင် ၂၅ ရက်နေ့တွင် စာထုတ်ပြန်ရှုတ်ချခဲ့သည့် ANP ပါတီကို ‘တစ်ဖက်သက် ထုတ်ပြန်ချက်များ’ မထုတ်ပြန်ရန် UEC မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က သတိပေး ခဲ့သည်။sup>[25]
တော်လှန်ရေးအဖွဲ့များ၏ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများသည် စစ်တပ်နှင့် ပူးပေါင်း ပါတီများ၏ ရွေးကောက်ပွဲအစီမံများကို အနှောင့်ယှက်ပေးလျက်ရှိသည်။ သပိတ်အဖွဲ့များသည်လည်း စစ်အာဏာသိမ်းအစိုးရ ပြန်လည်ကျင်းပမည့် တရားမ၀င် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် လူထုအားလှုံ့ ဆော်စည်းရုံးသကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းသို့လည်း စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ အဆိုပါ မသမာသည့် ရွေးကောက်ပွဲကို ပြည်သူလူထုမှ အဆုံးသတ်ရန် ဟုဆိုကာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက် တွင် NUG မှလည်း တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့် လများတွင် မဲဆန္ဒရှင်စာရင်းပြင်ဆင်ရန်အတွက် လူဦးရေစာရင်းကောက်ယူရာတွင် ပါဝင်သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအဖွဲ့များမှ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဗုံးခွဲခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ ပူးပေါင်းပါတီဝင်များသည် ရွေးကောက်ပွဲတွင် ပါဝင်ရာတွင် ၎င်းတို့ ၏ လုံခြုံရေးကို စိုးရိမ်ပူပန် နေသည်ဟု ပြောဆိုခဲ့ကြသည်။ စစ်ကောင်စီမှကျင်းပမည့် ရွေးကောက်ပွဲများသည် နိုင်ငံနှင့်အဝှမ်း သို့မဟုတ် တပြိုင်နက်တည်း ကျင်းပနိုင်မည်မှာ မသေချာဘဲ ၎င်းတို့ ထိန်းချုပ် နိုင်သည့် မဲဆန္ဒနယ်များနှင့် ရလဒ်များကို လိုသလို ခြယ်လှယ်နိုင်မည့် နေရာများတွင်သာ အဓိက ကျင်းပဖွယ် ရှိသည်။ ထိုသို့သော ရွေးကောက်ပွဲများသည် နိုင်ငံတွင်းအကြမ်းဖက်မှုများကိုသာ တိုးပွားစေလိမ့်မည်ဟု လေ့လာသုံးသပ် သူများက သတိပေးထားသည်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလတွင် နိုင်ငံရေးပါတီအများစုအနေဖြင့် စိတ်ပျက်စရာများနှင့်သာ ကြုံတွေ့ခဲ့ရသည်။ ပါတီများသည် စစ်အုပ်ချုပ်ရေးလွှမ်းမိုးသော အပေါ်ယံဟန်ပြ နိုင်ငံရေးစနစ်ကို အသက်သွင်းမည်လော (သို့မဟုတ်) မြန်မာနိုင်ငံအတွက် မတူညီသောအနာဂတ်ကို ပုံဖော်ပေးနိုင်မည့် ဒီမိုကရေစီ ခိုင်မာစေသည့်အခြားစနစ်ဖြင့် ရှေ့ဆက်မည်လော ဆိုသည့် လမ်းဆုံလမ်းခွတွင် ရောက်ရှိလာသည်။ မိိမတို့တွေ့ဆုံ မေးမြန်းခဲ့သည့် ပူးပေါင်းပါတီနှင့် မပူးပေါင်းပါတီ အမျိုးအစားနှစ်ရပ်လုံးက ရွေးကောက်ပွဲသည် လက်ရှိ နိုင်ငံရေးအကျပ်အတည်း၏ အဖြေဖြစ်သည်ဟု မယုံကြည်ကြောင်းနှင့် နိုင်ငံနှင့်အဝှမ်း နိုင်ငံရေးမတည်ငြိမ်မှု များကြောင့် ထိုရွေးကောက်ပွဲသည် လူတိုင်းပါဝင်နိုင်သော၊ တည်ငြိမ်သော၊ တရားဝင်မှုရှိသော၊ ငြိမ်းချမ်းသော ရွေးကောက်ပွဲများ ဖြစ်လိမ့်မည်ဟု မယုံကြည်ကြောင်း ပြောဆိုခဲ့ကြသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်များ လွှမ်းမိုးနေသော ပူးပေါင်းပါတီများသည် အပြောင်းအလဲကို စနစ်အတွင်းမှ တွန်းအားပေးခြင်း မပြုနိုင်သည့်တိုင် လက်ရှိအနေအထားကို ထိန်းသိမ်းထားနိုင်ရန်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ကြမည်ဟု ပြောကြားခဲ့ကြသည်။ အဆိုပါ ပါတီများမှ အဖွဲ့ဝင်များသည် ၎င်းတို့ကိုယ်တိုင် လူထုကိုစည်းရုံးနိုင်သည့်၊ ရွေးကောက် တင်မြှောက်ခံနိုင်သည့်၊ တပ်မတော်သားများပါဝင်သည့် လွှတ်တော်တွင် ကိုယ်စားပြုနိုင်ခဲ့သည့် အတိတ်အချိန် များကို ပြန်ပြောင်းအောက်မေ့သတိရကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ဖွဲ့စည်းပုံ၏ ၂၅ ရာခိုင်နှုန်းအား တပ်မတော်သားများအတွက် သီးသန့်ပေးအပ် ထားရှိသည်။ အောက်လွှတ်တော် ရွေးကောက်ခံ (၃၃၀) နေရာတွင် ထိုင်ခုံ (၁၁၀) နေရာ နှင့် အထက်လွှတ်တော် ထိုင်ခုံ (၁၆၈) နေရာတွင် (၅၆) နေရာ ဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံ စုစုပေါင်း (၄၉၈) နေရာတွင် တပ်မတော်သားများအတွက် သီးသန့် (၁၆၆) နေရာ သတ်မှတ်ပေးအပ်ထားသည်။ စတော့ခ်ဟုမ်း ရောဂါလက္ခဏာ ‘Stockholm Syndrome’ ခံစားနေရဟန်ရှိသည့် ပါတီဝင်တစ်ဦးက “ လွှတ်တော်အတွင်းတွင် အရပ်သား ကိုယ်စားပြုမှု ရှိနေသရွေ့ အရပ်သားနှင့် တပ်မတော်သား ကိုယ်စားပြုမှုအချိုးမှာ 50-50 ရာခိုင်နှုန်း ဖြစ်နေပေလျှင် သူအနေဖြင့် လက်ခံမည်” ဖြေကြားခဲ့သည်။[26] အခြားပါတီဝင်တစ်ဦးက စစ်အုပ်ချုပ်ရေး ရာနှုန်းပြည့် ရှိခြင်းသည် အန္တရာယ်များလွန်းသည်ဟု ယူဆသည်။ ၎င်းက “စစ်တပ်က အကြွင်းမဲ့အာဏာကိုချုပ်ကိုင်မထား နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ လုပ်ဖို့ လိုတယ်” ဟု ဖြေဆိုခဲ့သည်။
မိမိတို့၏ တွေ့ဆုံမေးမြန်းမှုများအရ အချို့သော နိုင်ငံရေးပါတီများသည် NLD မပါဝင်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့အနေဖြင့် အနိုင်ရနိုင်မည့် အလားအလာ များမည်ဟု သုံးသပ်ကိုတွေ့ရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပြီးနောက် ဒေသခံပါတီများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်များတွင် ဒုတိယမဲ အများဆုံးရရှိခဲ့သည့် ပါတီဖြစ်များဖြစ်သည်။ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် SNLD နှင့် ANP တို့က မဲအများဆုံးရရှိခဲ့သည်။ ဤနေရာတွင် မြန်မာ့နိုင်ငံရေးပါတီများကို ၂၀၁၀ ပါတီများနှင့် ၁၉၉၀ ပါတီများဟု အမျိုးအစား ခွဲခြားသတ်မှတ်သည့် နည်းလမ်းက တဖန် အသုံးဝင်လာပြန်ပါသည်။ ၂၀၁၀ ပါတီများသည် ၎င်းတို့၏ ၁၉၉၀ ပါတီပြိုင်ဖက်များမပါသည့် ရွေးကောက်ပွဲတွင် အောင်မြင်မှု အလားအလာများသည် ကို တွေ့ရသည်။ ဥပမာ- ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်တွင် ၃၆ နေရာဖြင့် အများစုအနိုင်ရခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် (၂၂) နေရာရရှိခဲ့သည်။ SNLD သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည် ဝင်ရောက်ယှဥ်ပြိုင်လာသည့်အခါ SNDP အနေဖြင့် ရှမ်းပြည်နယ်တွင် မဲဆန္ဒနယ်တစ်ခုသာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုအဆင့်တွင်မူ မဲအနိုင်မရခဲ့ပေ။ USDP ပါတီ၏ အစိုးရသက်တမ်း ၂၀၁၁-၂၀၁၆ ခုနှစ် ကာလတွင်း လွှတ်တော်ဖွဲ့စည်းပုံသည် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲ အသစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသည့် ပါတီများ မျှော်လင့်ထားသည့် နမူနာပုံစံ တစ်ခုဖြစ်သည်။ စစ်တပ်နှင့် လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးစီးပွားများရရှိထားသည့် နိုင်ငံရေးပါတီ များအနေဖြင့် မည်သည့် ရွေးကောက်ပွဲတွင်မဆို ဝင်ရောက်ယှဥ်ပြိုင်ခြင်းအားဖြင့် ၎င်းတို့၏အကျိုးစီးပွားများအား ပိုမိုတည်မြဲရန် ပြုလုပ်မည်မှာ သေချာသည့် အချက်ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးများ ဆက်လက်ဖြစ်ပွားနေခြင်းသည်လည်း နိုင်ငံရေးပါတီအချို့အား ရွေးကောက်ပွဲ လမ်းကြောင်းတွင် ဝင်ရောက်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။ စစ်အာဏာသိမ်းပြီးနောက် အရပ်သား ကဏ္ဍကျဉ်းမြောင်းလာမှုနှင့် စစ်ဘောင်ကျယ်လာမှုတို့မှာ နိုင်ငံရေးပါတီများကို ခြိမ်းခြောက်သကဲ့သို့ ဖြစ်နေသည်။ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခြင်းဖြင့် နိုင်ငံရေးတွင်အရပ်သားပါဝင်မှုကဏ္ဍကို ခြစ်ကုပ်ဖက်တွယ်ထားနိုင်မည်၊ ဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲမှုများကို အရှိန်ရစေနိုင်လိမ့်မည်ဟု ပါတီဝင်အချို့က ထုတ်ဖော်ပြောကြားခဲ့သည်။ အတိတ်ကာလများတွင် လက်နက်ကိုင် တော်လှန်ရေးတွင်ပါဝင်ခဲ့ (သို့မဟုတ်) အကျဉ်းချခံ ခဲ့ရသော်လည်း ပြောင်းလဲမှု တစ်စုံတစ်ရာ မမြင်တွေ့ခဲ့ရသည့် ခေါင်းဆောင်များရှိသည့် အချို့နိုင်ငံရေးပါတီများသည် စစ်တပ်နှင့် ညှိနှိုင်းကာ အပေးအယူလုပ်ခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုနိုင်ငံရေး ပါတီများမှ အဖွဲ့ဝင်များက ပါတီအဖွဲ့စည်းများသည် မြေပေါ်အဖွဲ့စည်းများ ဖြစ်သဖြင့် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရန်လုပ်ဆောင်ရမည် ဟု ဆိုကြသည်။ အချို့သောနိုင်ငံရေးပါတီများသည် ပါတီဆက်လက် တည်ရှိရေး ဆိုင်ရာ ဒွိဟများနှင့် ရင်ဆိုင် နေရသည်။ ထိုပါတီဝင်များမှာ စစ်တပ်မှအရေးပေါ်အခြေနေ ကြေညာ၍ အာဏာသိမ်းပြီး တစ်နှစ် ကာလကြာပြီးသည့်အပြင် သက်တမ်းနှစ်ကြိမ်တိုးပြီးသည့် နောက်ပိုင်းအထိ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ၍ အာဏာပြန်လည် လွှဲပြောင်းခြင်း မရှိပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အပြီးတိုင်ဖျက်သိမ်း ခံရပြီး ပျောက်ကွယ်သွားမည်ကို စိုးရွံ့ နေကြသည်။[27] အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူတစ်ဦးက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ၁၈ နှစ်လောက် အချိန်ယူရတယ်။ နောက်တစ်ခုရေးဆွဲဖို့ ဘယ်လောက်ကြာမလဲ” ဟု မှတ်ချက်ပြုခဲ့သည်။ အဆိုပါ စဉ်းစားချက်ကို ကြည့်လျှင် ရွေးကောက်ပွဲတွင် ပါဝင်ရေး၊ မပါဝင်ရေးသည် နည်းနာ ပြဿနာမဟုတ်ဘဲ နိုင်ငံရေးပြဿနာဖြစ်သည်မှာ ထင်ရှားလှသည်။ အင်တာဗျူးဖြေဆိုသူအခြားတစ်ဦးမှ “ကျွန်တော်တို့က ရွေးကောက်ပွဲဝင်မလား၊ မဝင်ဘူးလား ဆိုတာပဲ ဆုံးဖြတ်ဖို့လိုတယ်၊ ဘယ်ရွေးကောက်ပွဲစနစ်မှာ ပြိုင်မှာလဲ စဉ်းစားရမှာ မဟုတ်ဘူး”ဟု ဖြေဆိုခဲ့သည်။ တစ်ဖက်တွင်လည်း SAC သည် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခြင်း မပြုသည့် ပါတီများကို မှတ်ပုံတင် ပြန်လည်ရုတ်သိမ်းမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် အဆိုပါ ပါတီများသည် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။
သို့ဆိုလျှင် “စစ်အုပ်ချုပ်ရေးလွှမ်းမိုးသော နိုင်ငံရေးစနစ်ဖော်ဆောင်မည့် ရွေးကောက်ပွဲတွင် မဝင်ရောက်ပါက အခြား ရွေးချယ်စရာ ဘာရှိသနည်း” ဆိုသည့် မေးခွန်းတစ်ခု ပေါ်ပေါက်လာပါသည်။ စစ်အာဏာသိမ်းပြီး နှစ်နှစ်တာ အကြာတွင် စင်ပြိုင်အစိုးရနှင့် (စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုသည့်) မပူးပေါင်းပါတီတို့သည် ၎င်းတို့၏ ရည်မှန်းချက်များအောင်မြင်ရန် အခြားရွေးချယ်စရာ (သို့မဟုတ်) မဟာဗျူဟာတစ်ရပ်ကိုဖော်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ မကြာသေးမီကပင် NLD နှင့် SNLD ပါတီတို့သည် “ဒီမိုကရေစီ အင်အားစုများ” စုစည်းကြရန် သီးခြားစီ တောင်းဆိုခဲ့ကြသော်လည်း နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းတိကျသည့် ပေါ်လစီမရှိဘဲ မည်သည့်အတွက် မည်ကဲ့သို့ ပေါင်းစည်းရမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။ ယခင်က ထုတ်ပြန်ခဲ့သည့် NUCC ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းသည် နိုင်ငံရေးပါတီများအား “ မဟာမိတ်နိုင်ငံရေးပါတီများ” နှင့် “ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို သဘောတူသည့် နိုင်ငံရေးပါတီများ” ဟူ၍ ယေဘူယျ ညွှန်းဆိုထားပြီး ရှင်းလင်းတိကျစွာ ဖွင့်ဆိုဆွေးနွေးထားခြင်းမရှိပေ။ ထို့အပြင် အဆိုပါပဋိညာဉ်တွင် စစ်တပ်လိုလားသောပါတီများ၊ ပူးပေါင်းဆောင်ရွက်ခြင်းပြုသည့်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုသည့် ပါတီများ အားလုံးအတွက် မူဝါဒ မရှိထားပေ။ လက်တွေ့တွင် NUCC ၏ နိုင်ငံရေးပါတီအစုအဖွဲ့တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တစ်ခုသာလျှင် ပါဝင်နေသည်။ NUCC သည် တရားဝင်မှုမရှိ ဟု ဆွေးနွေးထားသည့် NLD သုတေသနဌာနမှ ထုတ်ဝေသည့် အဖွဲ့တွင်း ကန့်သတ်စာတမ်း တစ်စောင်ထွက်ရှိပြီးနောက် NUCC ၏ ပထမအကြိမ်ကျင်းပသည့် ပြည်သူ့ညီလာခံအပြီးတွင် NLD သည် NUCC တွင်း ၎င်း၏ ပါဝင်မှုကို ရပ်ဆိုင်းခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်စာတမ်း၏ အပိုင်း(၁) သည် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအင်အားစုများမှ ၁၉၉၀ ခုနှစ်တွင် ရေးဆွဲခဲ့သည့် ကြားဖြတ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ စာတမ်းများကို မှီငြမ်း ရေးဆွဲထားပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက လက်ခံထားသော်လည်း။ ပဋိညာဉ်အပိုင်း (၂) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အသွင်လက္ခဏာအချို့ ဆက်လက်ပါဝင်နေသည် ဟူသောအချက်အပါအဝင် ပြဿနာအချို့ ရှိခဲ့ကာ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုသည့် မပူးပေါင်းပါတီများ အကြား ယုံကြည်မှု ပျက်ပြားခဲ့သည်။
စနစ်သစ်တစ်ခုဖန်တီးရန် စင်ပြိုင်အစိုးရအနေဖြင့် နိုင်ငံရေးပါတီများအတွက် ကောင်းကျိုးဆိုးပြစ် ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်၍ ၎င်းတို့အား မက်လုံးများနှင့်အတူ စစ်မှန်သည့် နည်းဗျူဟာတစ်ရပ်ကို ပေးအပ်ရန် လိုအပ်သည်။ NUG၊ CRPH နှင့် NUCC အပါအဝင် အခြားသော ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများနှင့် (စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုသည့်) မပူးပေါင်းပါတီများ အားလုံးသည် ဘုံရည်မှန်းချက်အောင်မြင်ရန် အတွက် လက်တွဲ ဆောင်ရွက်နိုင်ရန် ၎င်းအစုအဖွဲ့များရှိ ခေါင်းဆောင်များနှင့် ၎င်းတို့၏ နောက်လိုက်များ လေးစားသော၊ သက်ဝင်ယုံ ကြည်သော၊ ကတိသစ္စာတည်သော နိုင်ငံရေးသဘောတူညီချက်တစ်ရပ် လိုအပ်ပါသည်။ ဖယ်ဒရယ် ဒီမိုကရေစီချာတာ ရေးဆွဲခြင်းနှင့် ကွဲပြားစုံလင်သော အကျိုးစီးပွားများကို လိုက်လျောညီထွေဖြစ်စေမည့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးမှာ မတူညီပေ။ “ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်လိုသူများ အချင်းချင်း လက်တွဲလုပ်ဆောင်ရန် ပင်လုံစာချုပ်သည် ကောင်းမွန်သော အစပျိုးချက်ဖြစ်လိမ့်မည်” ဟု မိမိတို့ တွေ့ဆုံ မေးမြန်းခဲ့သည့် ပါတီဝင်တစ်ဦးက ဖြေကြားခဲ့သည်။ ဤလုပ်ငန်းစဉ်သည် တွေ့ဆုံဆွေးနွေးရေးသာမက ယုံကြည်မှု တည်ဆောက်ရေးလည်း လိုအပ်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများအတွက် စိန်ခေါ်မှုမှာ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ၎င်းတို့အား ထောက်ခံသူများအတွက် ပူးပေါင်းဆောင်ရွက်ရင်း နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို အခိုင်အမာ ပြန်လည်ရယူတည်ဆောက် နိုင်ရေးဖြစ်ပါသည်။
အကယ်၍ နိုင်ငံရေးပါတီများအနေဖြင့် အထက်ပါဆွေးနွေးခဲ့သည့် လမ်းကြောင်းနှစ်ခုလုံးကို မရွေးချယ်လိုလျှင် “နိုင်ငံရေးပါတီများအတွက် အခြားရွေးချယ်စရာများ ရှိပါသေးသလော” ဆိုသည့် အခြားမေးခွန်း တစ်ရပ် ပေါ်ပေါက်လာပါသည်။ ယခုသုတေသနဆောင်းပါးရေးနေချိန်အထိ အားကောင်းသည့် တတိယ အင်အားစုမရှိပါ။ မိမိတို့ တွေ့ဆုံမေးမြန်းခဲ့သော နိုင်ငံရေးပါတီဝင်အားလုံးအနေဖြင့် စေ့စပ်ညှိနှိုင်းရေးသည် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် အဖြေဖြစ်သည်ဟု ယုံကြည်ကြသည် (သို့မဟုတ်) ပဋိပက္ခအားလုံးသည် စေ့စပ်ညှိနှိုင်းရေးစားပွဲ၌သာ အဆုံးသတ်မည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း ဤစေ့စပ်ညှိနှိုင်းမှုတွင် မည်သူများပါဝင်သင့်သည် (သို့မဟုတ်) မည်သည့်အခြေနေမျိုးတွင် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်သင့်သည် နှင့်ပတ်သက်၍ အမြင်မတူသကဲ့သို့ ၎င်းတို့ပါတီ အနေဖြင့် လိုလားသည့် စေ့စပ်ညှိနှိုင်းမှု စံအခြေခံ သတ်မှတ်ချက်များကို မည်သူကမျှ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန်အတွက်ဆိုလျှင် အနိမ့်ဆုံး လိုအပ်ချက်အနေဖြင့် စစ်တပ်သည် နိုင်ငံရေးမှ ချက်ချင်းနုတ်ထွက်ရန်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် စစ်တပ်မှ ပြည်သူလူထုအား တောင်းပန်ရန်တို့ ပါဝင်သည်ဟု NLD ပါတီ ခေါင်းဆောင်တစ်ဦးက မိမိတို့နှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။ NLD ပါတီ ဥက္ကဋ္ဌအပါအဝင် NLD ခေါင်းဆောင်အများစု ဖမ်းဆီးခံရ ခြင်းကြောင့် ယင်းအမြင်သည် ပါတီပေါ်လစီကို ထင်ဟပ်ခြင်းရှိမရှိ (သို့မဟုတ်) ပါတီတွင်း ကျယ်ပြန့်စွာ လက်ခံထားသော အမြင်ဟုတ်မဟုတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။
မိမိတို့တွေ့ဆုံမေးမြန်းခဲ့သည့် နိုင်ငံရေးပါတီဝင်အများစုသည် စေ့စပ်ညှိနှိုင်းမှုများအတွက် ပြည်တွင်း(သို့မဟုတ်) နိုင်ငံတကာ တတိယအင်အားစု (သို့မဟုတ်) ဖျန်ဖြေသူ လိုအပ်သည်ဟု ဖြေဆိုခဲ့ကြသည်။ နိုင်ငံရေး ပါတီဝင်များ အနေဖြင့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်မှုသည် စေ့စပ်ညှိနှိုင်းရေးအတွက် အဓိကကျသည့် သော့ချက်ဖြစ်သည်ဟု ယုံကြည်ကြပြီး အချို့အနေဖြင့် အင်အားကြီးနိုင်ငံများသည် စေ့စပ် ညှိနှိုင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယူဆကြသည်။ ပူးပေါင်းပါတီများမှ အဖွဲ့ဝင်အချို့သည် စစ်ကောင်စီမှ ခန့်အပ်ထားသော UEC မှ ၎င်းတို့၏ အစည်းအဝေးများကို ပိတ်ပင်လိုက်သည့်ကာလ မတိုင်မီအထိ ၎င်းတို့အနေဖြင့် နိုင်ငံတကာမှ သက်ဆိုင်သူများနှင့် တွေ့ဆုံသည့်အခါ စေ့စပ်ညှိနှိုင်းရေးအတွက် အကြံပြုပေး နိုင်ခဲ့သည်ဟုဆိုသည်။ ပူးပေါင်းပါတီ များနှင့် မပူးပေါင်းပါတီများသည် “ စေ့စပ်ညှိနှိုင်းခြင်း” ကို လိုလားကြသော်လည်း ၎င်းတို့၏ စေ့စပ်ညှိနှိုင်းခြင်း ဆိုင်ရာ စံသတ်မှတ်ချက်များ ကွဲပြားကြသည့်အပြင် ၎င်းတို့ကိုယ်တိုင် ကြားဝင်စေ့စပ်ညှိနှိုင်း နိုင်သည့် နိုင်ငံရေးအင်အား တစ်ရပ်၊ လုပ်ပိုင်ခွင့်အာဏာအစစ်အမှန် မရှိကြပေ။ အဆိုပါ စေ့စပ်ညှိနှိုင်းခြင်း ဆိုင်ရာ စံသတ်မှတ်ချက်များ ကွဲပြားမှုကို မိမိတို့တွေ့ဆုံမေးမြန်းခဲ့သည့် ပါတီ ကိုယ်စားလှယ်တစ်ဦးက တပ်မတော်အနေဖြင့် နိုင်ငံရေးမှ နုတ်ထွက်မှသာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်ဆိုသည့် ကရင်အမျိုးသား အစည်းအရုံးမှထုတ်ပြန်သည့် ကြေညာချက်အား ကိုးကားခဲ့ပြီး တပ်မတော်သည်လည်း ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံရေးမှထွက်ခွာမည်ဟု ပြောဆိုခဲ့သည့် နိုင်ငံရေးဝိရောဓိတစ်ခုအား ဥပမာပေးခဲ့သည်။[28]
စစ်အာဏာသိမ်းမှုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရရှိခဲ့သည့် ဆန္ဒမဲများအားလုံးအား ပယ်ပျက်စေခဲ့ပြီး နိုင်ငံရေးပါတီများပေါ် သက်ရောက်မှုရှိစေခဲ့ကာ မြန်မာ့ဒီမိုကရေစီအနာဂတ် ဒီမိုကရက်တစ်အဆောက်အုံများနှင့် ပါတီနိုင်ငံရေးကို ချိနဲ့စေခဲ့သည်။ စစ်ကောင်စီမှကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်၊ မပြိုင် ဟူသည့် အရေးကိစ္စနှင့်ပတ်သက်၍ ပါတီများကို ‘ဖက်’ ကွဲစေခဲ့သည်။ စစ်အာဏာသိမ်းမှုသည် ပါတီတွင်းနိုင်ငံရေးပေါ်လည်း သက်ရောက်မှုရှိခဲ့ပြီး မကြာသေးမီက ပေါင်းစည်းခဲ့ကြသည့် ပေါင်းစည်းပါတီများ အပေါ် အချိုးမညီမျှစွာ သက်ရောက်မှု ရှိခဲ့သည်။ စစ်အာဏာသိမ်းမှုသည် နိုင်ငံရေးပါတီများအကြား ၎င်းတို့၏ရပ်တည်ချက်များကို ပြန်လည်ချိန်ညှိစေခဲ့ပြီး မဟာမိတ်ဖွဲ့မှုများကို ပြောင်းလဲစေခြင်းဖြင့် ပါတီနိုင်ငံရေးကို ပြန်လည်ပုံသွင်းခဲ့သည်။ မြေပေါ်မြေအောက်ရှိ ပါတီအများစုသည် ပြောင်းလဲနေသောအခြေအနေများ နှင့်အညီ ၎င်းတို့၏ တည်ရှိမှုနှင့် ဆက်စပ်မှုရှိရန် ကြိုးစားသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ၎င်းတို့၏အခန်းကဏ္ဍမှာ တဖြည်ဖြည်း မှေးမှိန်ပျောက်ကွယ်လာခဲ့သည်။ စစ်အာဏာသိမ်းမှုသည် ရပ်ရွာလူထုနှင့် ထိတွေ့ဆက်ဆံရန်၊ ပါတီလုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကိုယ်စားပြုပြီး ၎င်းတို့အား မူဝါဒနှင့် ဥပဒေများအဖြစ် ပြောင်းလဲပေးရန် ပိတ်ပင်တားဆီးပစ်ခဲ့သည်။ စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ နိုင်ငံရေး ပါတီများသည် ၎င်းတို့၏ ရေတိုရည်မှန်းချက်များ မရရှိသကဲ့သို့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်လွှမ်းမိုးသည့်နိုင်ငံရေးတွင်လည်း အဓိပ္ပါယ်ပြည့်ဝသည့် ပါဝင်ဆောင်ရွက်နိုင်မှု မရှိခဲ့ပေ။ ဆွေးနွေးညှိနှိုင်းရေးသည် နိုင်ငံရေးအကျပ်အတည်းမှ လွတ်မြောက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု နိုင်ငံရေးပါတီများက ယုံကြည်သော်လည်း စစ်တပ်နှင့် အာဏာသိမ်းဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများကို စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ခေါ်ဆောင်ရန် ထိုပါတီများ အနေဖြင့် စစ်မှန်သောအာဏာမရှိသည့်အပြင် ဖိအားပေးနိုင်သည့် အခြေနေမရှိပေ။ အခြားပိုကောင်းသည့် နည်းဗျူဟာများ မရှိသည့်အခြေနေတွင် နိုင်ငံရေးပါတီအများစုသည် ၎င်းတို့အတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိရန်နှင့် ဆက်လက်ရှင်သန်နိုင်ရန် စစ်ကောင်စီရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လိုလားဆန္ဒရှိကြသည်။ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စစ်အုပ်ချုပ်ရေးလွှမ်းမိုးသော နိုင်ငံရေးစနစ်ကို အသက်သွင်းမည်လော (သို့မဟုတ်) အခြားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ တန်းတူအခွင့်အရေးအား လေးစားလိုက်နာသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အား တွန်းအားပေးမည်လော (သို့မဟုတ်) သက်ဆိုင်ရာအဖွဲ့အစည်းများအား ကြားဝင်စေ့စပ် ညှိနှိုင်းပေးရန် လုံလောက်သည့် တတိယအင်အားစုကို တည်ဆောက်မည်လော (သို့မဟုတ်) ပါတီအရေး တက်ကြွလှုပ်ရှားမှုများတွင်ပါဝင်ကာ လူထုလှုပ်ရှားမှုများနှင့် ချိတ်ဆက်၍ ဒီမိုကရေစီကိုကာကွယ်မည်လော အစရှိသည့် ခက်ခဲသော ဒွိဟမေးခွန်းများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံရေးပါတီများအနေဖြင့် မည်သည့်နည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်ချက်များကြောင့် ပေါ်ပေါက်လာသည့် အကျိုးဆက်များနှင့် ၎င်းတို့ဖန်တီးသည့် (သို့မဟုတ်) ဆက်လက် ထိန်းသိမ်းထားသည့်စနစ်အတွက် တာဝန်ခံရမည်ဖြစ်သည်။ အထူးသဖြင့် မဲဆန္ဒရှင်များ၏ လိုလားချက်များကို အကောင်ထည်ဖော်ရမည့်အစား ၎င်းတို့မဲဆန္ဒနယ်များအတွက် ဘယ်နည်းလမ်းသာ အကောင်းဆုံးဖြစ်သည်ဟု ကိုယ်စားဆုံးဖြတ်ပေးတတ်သော နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ ဆုံးဖြတ်ချက်များကြောင့် ပေါ်ပေါက်လာသည့် အကျိုးဆက်များအတွက် တာဝန်ခံရမည်ဖြစ်သည်။
Coda- စစ်ကောင်စီမှ ခန့်အပ်ထားသော UEC သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းအတွက် တင်းကျပ်သော စည်းမျဉ်း ပြဌာန်းချက်များ ပါဝင်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မည့် နိုင်ငံရေးပါတီများသည် ခွင့်ပြုမိန့်ရပြီး ရက်ပေါင်း ၉၀ အတွင်း အနည်းဆုံးပါတီဝင် ၁၀၀,၀၀၀ စည်းရုံးရမည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀) ၏ ထက်ဝက်တွင်ပါတီရုံးများ ဖွင့်လှစ်ရမည်ဟု ပါရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်မည့် နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၉၀ အတွင်း အနည်းဆုံး ပါတီဝင် ၁,၀၀၀ စည်းရုံးရမည်ဖြစ်ပြီး သက်ဆိုင်ရာပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး၏ အနည်းဆုံး မြို့နယ် (၅) မြို့နယ်တွင် ပါတီရုံးများ ဖွင့်လှစ်ရမည် ဟု ပါရှိသည်။ ပြည်ထောင်စုပါတီများအနေဖြင့် နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်တွင် စပေါ်ငွေကျပ်သိန်း ၁၀၀၀ ပေးသွင်း ရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် မှတ်ပုံတင်မည့် ပါတီများသည် စပေါ်ငွေကျပ် ၁၀၀ သိန်း ပေးသွင်းရမည် ဟု သတ်မှတ်ထားသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်အတိုင်း ရက်ပေါင်း ၆၀ အတွင်း ပြန်လည်မှတ်ပုံမတင်သည့် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ပါတီကို ဖျက်သိမ်းကြောင်း UEC မှ မတ်လ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုကြေညာချက်တွင်ပင် နိုင်ငံရေးပါတီ ၆၃ ခုသည် (အချို့မှာ မူလအမည်ကို သုံး၍ (သို့မဟုတ်) အချို့မှာ အမည်နာမသစ်ကို အသုံးပြု၍) ပြန်လည်မှတ်ပုံတင်ခဲ့သည်ဟု ကြေညာခဲ့သည်။
Nyan Corridor သည် လွတ်လပ်၍ အမြတ်အစွန်းမယူသည့် သုတေသနအဖွဲ့တစ်ခုဖြစ်ပြီး မြန်မာသုတေသီများ ပညာရှင်များအားထောက်ပံ့အားပေးရန်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်သည့် သုတေသနယဥ်ကျေးမှုထွန်းကားလာရန် ကြိုးပမ်းလုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
Notes
[1] ၁၉၆၂ ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့သည့် “ဟံသာဝတီ အပတ်စဥ်သတင်း”၊ ရန်ကုန်တက္ကသိုလ်မှ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေသည့် “၁၉၅၈ – ၁၉၆၂ မြန်မာ့နိုင်ငံရေး စတုတ္ထတွဲ” မှ ကောက်နုတ်ထားခြင်း။
[2] ဦးကြီးမြင့်၊ ဖေဖော်ဝါရီလ ၂၀၂၁ခု နှစ် “ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ယနေ့မြန်မာ့နိုင်ငံရေး”။
[3] ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ်ပေါင်း ၁၁၄၃ ဦး၊ United Democratic Party (UDP) မှကိုယ်စားလှယ်ပေါင်း ၁၁၃၀ ဦးနှင့် USDP ပါတီမှ ၁၁၂၈ ဦးစီ အသီးသီး ယှဉ်ပြိုင်ရန် တင်သွင်းခဲ့ကြသည်။ UDP ပါတီအနေဖြင့် ၂၀၂၀ ခုနှစ် အောက်တိုဘာလလယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပယ်ဖျက်ခြင်းကို ခံခဲ့ရသဖြင့် USDP သည် ဒုတိယအကြီးမားဆုံး ကိုယ်စားလှယ်တင်သွင်းသည့် ပါတီဖြစ်လာခဲ့သည်။
[4] ထိုဝေဖန်မှုများကို ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ စာရေးသူနှင့် တွေ့ဆုံမေးမြန်းမှုများတွင်လည်း ပြောကြားခဲ့သည်။
[5] အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်ပေါင်း ၁၁ ဦးပါဝင်ပြီး ကောင်စီတွင် တပ်မတော်မှ ၆ နေရာရရှိထားသည်။ တပ်မတော်၊ USDP ပါတီနှင့် ၎င်းတို့၏ မဟာမိတ်များမှ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြားသော နိုင်ငံ့အရေးဆွေးနွေးမှုများအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအား ခေါ်ယူရန် အကြိမ်ကြိမ်အဖန်ဖန် တောင်းဆိုမှုများရှိသော်လည်း NLD ပါတီအနေဖြင့် ၎င်းတို့၏ အစိုးရသက်တမ်းအတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးညီလာခံအား ခေါ်ယူရန် ရှောင်ရှားခဲ့သည်။
[6] တပ်မတော်မှရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်လျှင်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် လွှတ်တော်သက်တမ်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခေါ်ယူခဲ့သည်။
[7] ရွေးကောက်ပွဲအပြီး ပထမဦးဆုံး ဖြစ်ပေါ်လာသည့် ပြဿနာတစ်ခုမှာ နိုင်ငံပိုင်မီဒီယာများတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက် (n=၃၇,၂၆၈,၈၇၆) နှင့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် UEC အချက်အလက် (n=၃၈,၂၇၁,၄၄၇)ကြားတွင် မဲဆန္ဒရှင် တစ်သန်းကျော် ကွာဟနေခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက အဆိုပါမှားယွင်းမှုနှင့် ပတ်သတ်သည့် UEC ၏ ပွင့်လင်းမြင်သာမှုမရှိသော ဖြေရှင်းချက်အပေါ် ဝေဖန်ခဲ့ကြသည်။
[8] တွေ့ဆုံမေးမြန်းမှု။
[9] NLD ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဖွဲ့စည်းလိုသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် အုပ်ချုပ်မှုစနစ် ဦးစားပေး လိုလားချက်အရ လက်ရှိ NUG နှင့် ကွဲပြားပါသည်။ ပထမ NUG မျှော်မှန်းသည့် အုပ်ချုပ်မှုစနစ်သည် ဖက်ဒရယ်စနစ်ထက် ဒီမိုကရေစီစနစ်ကို ဦးစားပေးလိုသည့် NLD ပါတီ၏ မူဝါဒကို အခြေခံထားသည့် ‘ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု’ ဖြစ်သည်။ လက်ရှိ NUG မျှော်မှန်းသည့် အုပ်ချုပ်မှုစနစ်သည် ဒီမိုကရေစီစနစ်ထက် ဖက်ဒရယ်စနစ်ကို ဦးစားပေးလိုသည့် တိုင်းရင်းသားအဖွဲ့များ၏ ဦးစားပေးမှုအပေါ် အခြေခံထားသည့် ‘ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု’ ဖြစ်သည်။
[10] ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို ခန့်အပ် တာဝန် ပေးနိုင်သည်။ ရခိုင်အမျိုးသားပါတီသည် ၂၀၁၀ ခုနှစ်တွင် ရခိုင်ပြည်နယ်လွှတ်တော်တွင် အမတ်နေရာအများစုကို အနိုင်ရရှိခဲ့သော်လည်း USDP ပါတီမှ ဝန်ကြီးချုပ်ကို ရွေးချယ်ခဲ့သည်။ အလားတူ ၂၀၁၅ ခုနှစ်တွင်လည်း ANP ပါတီက ရခိုင်ပြည်နယ်တွင် အများစု အနိုင်ရရှိခဲ့သော်လည်း NLD ပါတီက ၎င်း၏ပါတီမှ အမတ်တစ်ဦးကိုသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။
[11] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် CRPH အား NLD ပါတီမှ အမတ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုနောက်ပိုင်းတွင် ပါတီ ၃ ခု ရှိလာပြီး အမတ် ၂၀ ဦးအထိ ပါဝင်ခဲ့သည်။ NLD ပါတီ၏ D-Wave ဂျာနယ်တွင် CRPH ကို ဖွဲ့စည်းသည့် အွန်လိုင်းညီလာခံသို့ လွှတ်တော်နှစ်ရပ်လုံးမှ အဖွဲ့ဝင် ၂၉၈ ဦး တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။
[12] တွေ့ဆုံမေးမြန်းမှု။
[13] တွေ့ဆုံမေးမြန်းမှု။
[14] တွေ့ဆုံမေးမြန်းမှု။
[15] တွေ့ဆုံမေးမြန်းမှု။
[16] မြန်မာ့အရေးနှင့် ပဋိပက္ခလေ့လာရေး (Burma Affairs and Conflict Study) စာတမ်းအရ နိုင်ငံရေးပါတီလေးခုဖြစ်သည့် USDP ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ PPP ပါတီ နှင့် PP ပါတီတို့သည် ပါတီတွင်း စည်းရုံးရေး အစည်းအဝေးများ၊ မဲဆန္ဒရှင်များအား အသိပညာပေးခြင်း၊ ပါတီဆိုင်းဘုတ်များ တပ်ဆင်ခြင်းနှင့် အခြားသောပါတီများ၊ ပြင်ပနိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း အစရှိသည့် လုပ်ငန်းများအား အများဆုံး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
[17] ပါတီမှ အဖွဲ့ဝင် ၅၀၀ ကျော်နှုတ်ထွက်သွားပြီး ထိပ်ပိုင်းခေါင်းဆောင်လေးဦးဖြင့် ပါတီကို ဆက်လက် လည်ပတ်နေသည်ဟု ဆိုသည်။
[18] တွေ့ဆုံမေးမြန်းမှု။
[19] တွေ့ဆုံမေးမြန်းမှု။
[20] USDP ပါတီသည် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပါတီညီလာခံ ကျင်းပခဲ့ပြီး KSPP ပါတီ သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ပါတီ ညီလာခံ ကို ကျင်းပခဲ့သည်။ သို့သော် ယခုလေ့လာမှုတွင် ထည့်သွင်းလေ့လာမထားပေ။
[21] တွေ့ဆုံမေးမြန်းမှု။
[22] တွေ့ဆုံမေးမြန်းမှု။
[23] USDP ပါတီသည် ၎င်းတို့အဖွဲ့ဝင် ၁၃၂၇ ဦးသတ်ဖြတ်ခံခဲ့ရသည်ဟု ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကိန်းဂဏန်းမှာ အဆိုပါကာလအတွင်း အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားအရေအတွက်နှင့် နှိုင်းယှဉ်ပါက မဖြစ်နိုင်ဖွယ်ဖြစ်နေသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများ အရ မတ်လ ၂၅ ရက်နေ့ထိ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် သတ်ဖြတ်ခံခဲ့ရသော အရပ်သား အရေအတွက်မှာ ၁,၇၀၇ ဦးဖြစ်သည်။
[24] ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို မကြာသေးမီကာလက ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများပါဝင်ခွင့်ကို ဘဏ္ဍာရေးနှင့် အဖွဲ့ဝင်များ မှတဆင့် ကန့်သတ်ထားသည်။ NLD ၏ ပါဝင်နိုင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။
[25] ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ ကွပ်မျက်ခံခဲ့ရခြင်းအပေါ်တွင် နိုင်ငံရေးပါတီ ၁၈ ခုမှသာ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
[26] တွေ့ဆုံမေးမြန်းမှု။
[27] တပ်မတော်အနေဖြင့် အရေးပေါ်ကာလအား ခြောက်လထပ်မံတိုးမြှင့်မည်ဟု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ၁ ရက်နေ့တွင် ကြေညာခဲ့ပြီး အဆိုပြုထားသည့် ရွေးကောက်ပွဲများကို ထပ်ကြန့်ကြာစေခဲ့သည်။
[28] တွေ့ဆုံမေးမြန်းမှု။
Like This Article
ဖေဖော်ဝါရီ 29, 2024
စက်တင်ဘာ 27, 2023
Center for Southeast Asian Studies, Asian Institute 1 Devonshire Place Toronto, Ontario, M5S 3K7, Canada
©TeaCircle All Rights Reserved 2023